သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက် တိုက်ခိုက်မှု အနည်းဆုံး လူ ၈၀ သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် (Baghdad) တဝန်းက အချက်အခြာကျတဲ့ နေရာတွေ အနီးအနားမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ၆ ခုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးပြီး ၃၁၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။

ဒါဟာဆိုရင် အမေရိကန်တပ်ဖွဲ့တွေ ဇွန်လ ၃၀ ရက်နေ့က အီရတ်နိုင်ငံ မြို့ပြတွေကနေ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း သွေးထွက်သံယို အများဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေလည်း ဖြစ်ပါတယ်။

ပေါက်ကွဲမှုတခုက လုံခြုံရေး အစောင့်အကြပ် ထူပြောတဲ့ ဘဂ္ဂဒက်မြို့က အစိမ်းရောင် ဇုန်နယ်မြေ (Green Zone) နဲ့ အနီးတဝိုက်မှာတော့ အပျက်အစီးတွေ မှန်ကွဲစတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အီရတ် လွှတ်တော်အဆောက်အဦးက မှန်တွေလည်း ကွဲကြေခဲ့တာပါ။ နိုင်ငံခြားသံရုံးတွေနဲ့ အစိုးရရုံးတွေရှိရာ အစိမ်းရောင် ဇုန်နယ်မြေမှာ မော်တာကျည်ဆံတွေ ကျရောက်ခဲ့တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ထပ် မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာတော့ ဘဂ္ဂဒက်မြို့တော်က အစိုးရရုံးမှာ ဖြစ်ပွားခဲ့တာပါ။

ဒီလိုပဲ မြို့တော် မြောက်ပိုင်းမှာရှိတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနမှာလည်း မော်တော်ကားတစီးနဲ့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဘဂ္ဂဒက် မြို့လယ်မှာရှိတဲ့ စစ်တပ်အခြေစိုက်ရာ ဆာလီးယား (Salhiya) မှာလည်း နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ခဲ့သလို မြို့ရဲ့အနောက်ဘက်က စီးပွားရေး အချက်အခြာ နေရာတခုဖြစ်တဲ့ ဘိုင်ယာ (Baiyaa) မှာလည်း ကားဗုံးခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG