သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US နဲ့ မြန်မာ ဆက်ဆံရေး ပြန်လည် နွေးထွေးလာနိုင်မလား?


အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (US Senator Jim Webb) ရဲ့ မြန်မာပြည်ခရီးစဉ်အပြီး အမေရိကန် နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး ပြန်ပြီးနွေးထွေးလာနိုင်တဲ့ အကြောင်းအရာတွေကို ပိုပြီးအာရုံစိုက် ပြောဆိုနေသံတွေကို ကြားနေရပါတယ်။ မြန်မာစစ်အစိုးရဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ နှစ်ပေါင်း (၂၀) ကြာ ဖိအားပေး ပိတ်ဆို့မှုတွေကို ဂရုမစိုက်ဘူး၊ မတုန်လှုပ်ဘူး ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ အထူးသဖြင့် အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်ပြီးပြေလည်အောင်လုပ်ဖို့ ဆန္ဒရှိနေရာ ထင်ရှားတယ်လို့ ဆိုသူတွေ ရှိကြပါတယ်။ မြန်မာစစ်အစိုးရက ဆန္ဒရှိနေတာလား၊ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ ပိုပြီး ပရိယာရ် ကြွယ်ဝလာလို့ အဲဒီ ပရိယာရ်တွေကို အသုံးချလာတာလားဆိုတာ စမ်းစစ်ရမယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံအပေါ် ပြဌာန်းထားတဲ့ ဖိအားပေးပိတ်ဆို့မှုတွေ လျော့ကျသွားဖို့ မြန်မာစစ်အစိုးရ ရည်ရွယ်နေတာပါ။ သမ္မတ ဘာရက် အိုဘားမား (President Barack Obama) လက်ထက်မှာ ဒီလို ဖိအားတွေ လျော့ကျလာဖို့ အလားအလာ ရှိသလားဆိုတာကို သိရှိနိုင်ဖို့ ဝါရှင်တန် ဒီစီ အခြေစိုက် မြန်မာ့အရေးလေ့လာနေသူ Kuki International Forum (www.kukiforum.com) အထွေထွေအတွင်းရေးမှုး Nehginpao Kipgen ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။


N. Kipgen ။ ။ ကျနော်အမြင်မှာတော့ ရှိတယ်လို့ ယုံကြည်မှု ရှိတယ်။ ဘယ်လိုအကြောင်းကြောင့်လည်းဆိုတော့ ဒီပြီးခဲ့တဲ့ secretary ကလင်တန် အာရှခရီးစဉ်တုန်းကလည်း သူပြောခဲ့တယ် - မြန်မာပြည်ရဲ့ US ပေါ်လစီက effective (အကျိုးသက်ရောက်မှု) မရှိဘူးလို့ သူကိုယ်တိုင် ပြောထားတာ ရှိတယ်။ ပြီးရင် သမ္မတ ဘုရှ် အစိုးရ သက်တမ်း မကုန်ခင် မှာလည်း ဒီ ပေါ်လစီ ပြောင်းဖို့ နည်းနည်းအစလုပ်လာပြီး special envoy (အထူးကိုယ်စားလှယ်) နေရာတခု ဖန်တီးကာ အဲဒီကနေ မြန်မာအစိုးရအနေနဲ့ အဆက်အသွယ်လုပ်လာဖို့ ကြိုးစားခဲ့တယ်။ ၁၉၈၈ ကတည်းက ဒီ isolation () ပေါ်လစီက မအောင်မြင်ခဲ့တဲ့အကြောင်းကို ပြန်သုံးသပ်ကြည့်တော့ သူတို့မှာလည်း ဒီ ပေါ်လစီ အပြောင်းအလဲတခုခုတော့ စဉ်းစား တယ်လို့ ကျနော် ယုံကြည်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀) လုံး ပိတ်ဆို့ဖိအားပေးမှုတွေ၊ အရေးယူမှုတွေက မအောင်မြင်ဘူးဆိုတော့ ဒီ မူဝါဒကို ပြောင်းပြန် ပြောင်းလဲလိုက်ပြီးတော့ မြန်မာစစ်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ပြီးတော့ လုပ်ဆောင်မယ်၊ ဆက်ဆံပြီးတော့ ချော့မော့ပြောဆိုမှုတွေလုပ်မယ်၊ ဖိအားပေးမှုတွေ မလုပ်တော့ဘူးဆိုရင်ကော တကယ်တမ်းက မြန်မာနိုင်ငံမှာ မြင်သာထင်သာတဲ့ အပြောင်းအလဲတွေဖြစ်မယ်ဆိုတာ ဘယ်သူက အာမခံနိုင်မလဲ။ အထူးသဖြင့် အာဆီယံ (ASEAN) လို နိုင်ငံမျိုးတွေကလည်း တချိန်လုံး မြန်မာစစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဖိအားမပေးဘဲနဲ့ ဖြောင့်ဖျပြောဆိုနေတာ သူတို့ကရော အောင်မြင်လို့လား။ အဲဒီတော့ အိုဘားမားရဲ့ မူဝါဒနည်းနည်းလေး ပြောင်းချင်လာ တယ်ဆိုတာက တကယ်တော့ ဘယ်လမ်းကို ဦးတည်သွားလာနေသလဲဆိုတာကို နည်းနည်းရှင်းပြပါ။

N. Kipgen ။ ။ ကျနော်ရဲ့ အမြင်မှာကျတော့ - သွားမယ်ဆိုတာ stick and carrot (တုတ် နဲ့ မုန်လာဥ) ပေါ်လစီ။ တဘက်မှာလည်း sanction (စီးပွားရေးပိတ်ဆို့မှု) ရှိသင့်သမျှရှိရမယ်၊ တဖက်မှာလည်း engagement (ဆက်သွယ် ဆက်ဆံ မှု) ရှိသင့်သမျှရှိရမယ်ဆိုတာကို ကျနော် advocate (အကျိုးဆောင်) လုပ်တာပါ။ ဆိုတော့ ဒီအချိန်မှာ ကျနော်တို့ ဗမာပြည် ရေးအကြောင်း ကြည့်တဲ့အခါကြတော့ ဒီ အစိုးရကလည်း သူတို့ ချက်ချင်း sanction တွေ အားလုံးကို lift (ဖယ်ရှား) လုပ်မယ် လို့ ကျနော်လည်း မယုံကြည်ပါဘူး။ လုပ်လည်းမလုပ်သင့်ပါဘူး။ နအဖ ဒီ ခေါင်းဆောင်တွေ လက်ထက်မှာလည်း လုံးလုံး လျားလျား ပြောင်းလဲမှုမရှိတဲ့အခါကြတော့ ကျနော့်အမြင်မှာလည်း အဲဒါတွေ မလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်။ ဒါပေမဲ့ မလုပ်သင့်ဘူးဆိုပေမယ့် အဲဒါဟာနဲ့ ရပ်တည်ပြီး သူတို့နဲ့ စကားမပြော၊ ဘာမှ ဆက်မလုပ်ဘူး၊ ဆက်မသွားဘူးဆိုလိုရှိရင် ဒီနိုင်ငံက သူတို့ ကျနော်တို့ ဗမာပြည်ခေါင်းဆောင်တွေ ကျနော်တို့ သိတဲ့အတိုင်း သူတို့က သူတို့ကြိုက်တဲ့အတိုင်း ဆက်သွားမှာပဲ။ ခင်ဗျားပြောတဲ့ထဲမှာ အာဆီယံရဲ့ engagement မအောင်မြင်ဘူးဆိုတာလည်း မှန်ပါတယ်။ သူတို့လည်း ဘာကြောင့် မအောင်မြင်သလဲဆိုရင် တဖက်မှာ engagement အဖွဲ့ရှိသလို တဖက်မှာလည်း ဒီ sanction အုပ်စု ရှိနေတာကြောင့် နှစ်ဖက်က တန်တူမသွားတဲ့အခါကြတော့ ဗမာစစ်အစိုးရက သူတို့က ကြားထဲမှာ နေရာရနေတာပေါ့။ ဥပမာ တရုတ်တွေ၊ အိန္ဒိယတွေ စစ်ရေးအရ၊ စီးပွားရေးအရ သူတို့ရဲ့ အပေးအယူ လုပ်တဲ့အခါကြတော့ ဒီ sanction လည်း မအောင်မြင် engagement လည်း မအောင်မြင်တာ။ ဒါကြောင့် ကျနော်တို့ policy review (ပေါ်လစီ ပြန်လည်သုံးသပ်ခြင်း) ရှိရမယ်၊ coordinated international action (နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု) တခုခု ရှိရမယ်၊ ရှိသင့်တယ်လို့ ကျနော် မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ထူးခြားတဲ့အချက်တခုအနေနဲ့က အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်၊ သူက အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှ ဒေသဆိုင်ရာ ဥက္ကဋ္ဌလည်း ဖြစ်နေတော့ ဒါ အထက်လွှတ်တော်မှာ သြဇာရှိတဲ့ အဆင့်မြင့် အမတ်လွှတ်တော်တဦးဆိုလည်း မမှားဘူးပေါ့။ သူက မြန်မာပြည်ကိုသွားပြီး ထူးထူးခြားခြားအနေနဲ့ မြန်မာစစ်အစိုးရ အကြီးအကဲနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ခွင့်ရခဲ့တယ်။ သူရဲ့ ခရီးစဉ်အပေါ်ကို မြန်မာစစ်အစိုးရက လိုက်လိုက်ရောရောနဲ့ ကြိုဆိုမှုတွေကိုလည်း ပြခဲ့တယ်။ သူရဲ့ တောင်းဆိုချက်တွေကိုလည်း လှိုက်လျောပြခဲ့တယ်ဆိုတော့ ဒါက မြန်မာစစ်အစိုးရ ဘက်ကနေပြီးတော့ အမေရိကန်ကို ပုံစံပြောင်းလဲပြီးတော့ ချည်းကပ်လာတဲ့သဘောကို ညွန်ပြနေတာလား။

N. Kipgen ။ ။ အဲဒီမှာ အချက် (၂) ချက်ရှိတယ် ကျနော်အမြင်မှာ။ တချက်က ပြီးခဲ့တဲ့အပတ်တုန်းက အောင်ဆန်းစုကြည်ကို နောက်ထပ် ၁၈ လ house arrest (နေအိမ်အကျယ်ချုပ်) extension (ထပ်တိုး) ပြန်လုပ်တဲ့အခါကြတော့ နိုင်ငံတကာက ဝေဖန်တာတွေ၊ သိတဲ့အတိုင်း နိုင်ငံတကာရဲ့ သတင်းစာတွေမှာ၊ ရေဒီယို၊ news media (သတင်းမီဒီယာ) တွေမှာ အားလုံး ပါလာတယ်။ အဲဒီအခါကျတော့ ဒီဗမာစစ်အစိုးရက ဘာပဲဖြစ်ဖြစ် ဒီ အမေရိကန်ခေါင်းဆောင် တယောက်သွားတဲ့အခါ ကျတော့ အဲဒီအတော်အတွင်းဖြစ်တဲ့အခါကြတော့ သူတို့ကလည်း နိုင်ငံတကာကို တခုခုပြချင်တာပေါ့။ ကျနော်တို့လည်း မြန်မာပြည် ကောင်းကျိုး ကောင်းရေးအတွက် တခုခု စဉ်းစားပါတယ်ဆိုတဲ့ အကြောင်းပြတာပေါ့လေ။ အဲဒါတခုပါတယ် နောက်တခုက ဘာလဲဆိုတော့ ဒီ အိုဘားမား သမ္မတ ဖြစ်လာတဲ့နောက်ပိုင်းမှာ အစောပိုင်းပြောခဲ့သလို ကလင်တန် (Hillary Clinton) ကလည်း ပေါ်လစီပြောင်းဖို့ သူက စပြောတယ်၊ အိုဘားမားကလည်း သူက စဉ်းစားနေတာ ကျနော်တို့ အားလုံး သိတဲ့အတိုင်းပါပဲ။ သူတို့ review (ပြန်လည်သုံးသပ်) တဲ့အခါမှာ ဆီနတ်တာ ဂျင်မ် ဝက်ဘ် သွားတာ ဗမာစစ်အစိုးရကလည်း သူတို့ တခုခုပြချင်တာပေါ့။ သိတဲ့အတိုင်း ဗမာစစ်အစိုးရကလည်း အမေရိကန်နဲ့ အပေးအယူ ထားချင်တယ်ဆိုတာ သိသာ တာပေါ့။ အဲဒီအခါကြတော့ နှစ်ဖက်စလုံးအတွက် ကောင်းတဲ့အချိန် သွားဖြစ်တာပေါ့။ ဒီတော့ ဂျင်မ် ဝက်ဘ် ကို အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးတယ်။ ပြီးတော့ သန်းရွှေ နဲ့လည်း တွေ့ခွင့်ပေးတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မြန်မာစစ်အစိုးရအနေနဲ့က ဒီ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက လုပ်ထားတဲ့ ဖိအားပေးပိတ်ဆို့မှုတွေကို တစုံတရာ လျှော့ချပေးလာပြီးတော့ သူတို့စီစဉ်နေတဲ့ လမ်းပြမြေပုံ အစီအစဉ်အတိုင်း မြန်မာ နိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲတွေကို တစုံတရာ ထောက်ခံပေးလာမယ့် အသိအမှတ်ပေးလာစေချင်တဲ့ သဘောရှိလာ တာ ထင်ရှားတယ်လို့ လူတွေဆိုကြပါတယ်။ အဲဒီ အဆိုနဲ့ ပတ်သက်လို့ ဘယ်လိုမြင်သလဲ။

N. Kipgen ။ ။ ရွေးကောက်ပွဲမယှဉ်ခင် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲက မလွှတ်ပေးဘဲနဲ့တော့ အမေရိကန်အစိုးရက သူတို့ကို ဒီလာမဲ့ ရွေးကောက်ပွဲရဲ့ အဖြေကို အသိအမှတ်ပြုမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့ တော်တော်များများ နိုင်ငံ အထူးသဖြင့် အာရှနိုင်ငံတွေကတော့ ဘာဘဲဖြစ်ဖြစ် ဒီ ရွေးကောက်ပွဲဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ အသိအမှတ် ပြုလိမ့် မယ်။ ဒါပေမယ့် ဒီအတိုင်းဘဲသွားမယ် အောင်ဆန်းစုကြည်ကိုလည်း ထောင်ကလွတ်မပေးဘူး၊ နိုင်ငံရေး အကျဉ်းသား တွေကိုလည်း ထောင်ထဲက မလွတ်ပေးဘူးဆိုရင်တော့ ကျနော့်အမြင်က အမေရိကန်အစိုးရက သူတို့ကို တရားဝင် အသိအမှတ်ပြုမယ်လို့ မထင်ဘူး။ ဒါပေမဲ့ နည်းလမ်းတခုခုနဲ့တော့ သူတို့နဲ့ အဆက်အသွယ်လုပ်ဖို့တော့ သူတို့ကြိုးစားမယ်လို့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အထူးသဖြင့်ပေါ့ ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ ထွက်လာတဲ့ ICG လို့ ခေါ်တဲ့ နိုင်ငံတကာ အခက်အခဲပြဿနာများကို ဖြေရှင်းပေးတဲ့အဖွဲ့ကြီး အကြံပေးတဲ့အဖွဲ့ကြီးတခုက မြန်မာနိုင်ငံအရေးကို သုံးသပ်ပြတဲ့နေရာမှာ ဒီ စစ်အစိုးရရဲ့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာကလည်း ရွေးကောက်ပွဲအခြေအနေကို ပိုပြီးတော့ ကြိုဆိုသင့်တယ်။ အတိုက်အခံအနေနဲ့လည်း သပိတ်မမှောက်ဘဲနဲ့ ပါဝင်သင့်တယ်ဆိုတဲ့ အဆိုပြုချက်မျိုးကို ပြောဆိုလာတာကို ကြားသိရတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

N. Kipgen ။ ။ အသေးစိတ် ကျနော်မဖတ်ရသေးပေမယ့် နည်းနည်းပါးပါး အကြမ်းအားဖြင့် ဖတ်ကြည့်တော့ သူတို့ရဲ့ recommendation (အကြံပြုချက်၊ အဆိုပြုချက်) တော်တော်များများကတော့ ကောင်းတယ်လို့ ကျနော်မြင်တယ်။ ဒါပေမဲ့ တခုပြောချင်တာက နိုင်ငံတကာက ဒီရွေးကောက်ပွဲရဲ့ အဖြေကို လက်ခံထောက်ခံ မထောက်ခံ စစ်အစိုးရက သိတဲ့အတိုင်း ပါပဲ သူတို့ကြိုက်တဲ့အတိုင်း၊ စီမံတဲ့အတိုင်း ဆက်သွားမှာပဲ။ အဲဒီအခါကြတော့ အတိုက်အခံပါတီတွေက သွားမပါလည်း စစ်အစိုးရက ဆက်သွားမှာဘဲ။ ဒါပေမယ့် အဲဒီ ရွေးကောက်ပွဲမတိုင်မီ တခုပြောချင်တာက ဘာဘဲပြောပြော ဒီ ရွေးကောက်ပွဲ ရှိတဲ့နောက်ပိုင်းမှာလည်း ဒီ စစ်အစိုးရက ဆက်ပြီးတော့ ဦးဆောင်မှာပဲ။ သူတို့ရဲ့ constitution (နိုင်ငံတော်ဥပဒေ)ကို ကြည့်တဲ့အခါ ၂၅% က စစ်တပ်လက်ထဲမှာ ရှိနေမယ်။ နောက် ၇၅% ရှိမှသာ constitution amendment (ဥပဒေ ပြုပြင် ရေးဆွဲရေး) လုပ်နိုင်တယ်ဆိုတော့ ဒီ constitution review တခု မရှိဘူးဆိုရင် ဘာဘဲလုပ်လုပ် ရွေးကောက်ပွဲ free and fair (လွတ်လပ်တရားမျှတမှု) နဲ့ international monitoring (နိုင်ငံတကာစောင့်ကြည့်ရေး) ထားထား၊ တခြားနိုင်ငံတွေက ဘယ် နှစ်ယောက်ပဲသွားသွား နိုင်ငံအတွင်းမှာတော့ အပြောင်းအလဲတခုတော့ဖြစ်မယ်။ transitional period (ပြောင်းလဲမှုကာလ) တခုတော့ ဖြစ်လာမယ်။ ဒါပေမဲ့ ဒီ ပြောင်းလဲမှုကာလက ပြည်သူလူထုအတွက် မဟုတ်ဘဲ စစ်အစိုးရ လုပ်ချင်တဲ့ ပုံစံအတိုင်း ဖြစ်လာတဲ့ transitional period လို့ ကျနော်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် လည်း အမေရိကန်ပြည်ထောင်စုကို ပြန်လာဖို့ ရှိနေပြီ။ သူရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အထက်လွှတ်တော် နဲ့ နိုင်ငံခြားရေးဌာနအပါအဝင် သမ္မတအိုဘားမားတို့ကို သူရဲ့ အမြင် ထင်မြင် ချက်တွေကို တင်ပြပေးဖို့ ရှိနေတာကို ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ မကြာခင်အတွင်းမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်ပေါ် ထားရှိတဲ့ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လာမယ်လို့ ယူဆသလား။

N. Kipgen ။ ။ ကျနော်ထင်တယ် နည်းနည်းတော့ ကြာမယ်ထင်တယ်။ ဘာကြောင့်လည်းဆိုရင် အဲဒီဟာက အိုဘားမား အစိုးရက နိုင်ငံခြားရေးဌာန (State Department) နဲ့ မကြာခဏပြောတာ ကျနော်တို့ ကြားသိရတယ်။ သူတို့ ဘာပြောလဲ ဆိုရင် အောင်ဆန်းစုကြည် ကို ထောင်တိုး house arrest မလုပ်ခင် သူတို့ရဲ့ policy review (ပေါ်လစီ ပြန်လည် သုံးသပ်ချက်) က ဒီအပေါ်မှာ အများကြီးဆိုင်တယ်လို့ သူတို့ပြောထားတာရှိတယ်။ အခု အောင်ဆန်းစုကြည်ကို (၁၈) လ အိမ်အကျယ်ချုပ်ထပ်ချလိုက်တော့ ကျနော်အထင်အမြင်မှာတော့ ဒီအရေးအတွက် နည်းနည်းအချိန်ယူမယ်လို့ ကျနော် မြင်တယ်။ ဘာကြောင့်လည်းဆိုရင် နအဖကလည်း ဒီကြားထဲမှာ low level (အဆင့်နိမ့်) ဆက်ဆံရေးနဲ့ စတင် ဆက်သွယ် မယ်လို့ထင်တယ်။ တရားဝင်တော့ သူတို့ ပေါ်လစီအပြောင်းအလဲတော့ ဒီ နှစ်ကုန်လောက်မှ ဖြစ်လာနိုင်တယ်။ ဒီနှစ် အတွင်းမှာတော့ သိပ်မထင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အမေရိကန် ဖိအားပေးမှုတွေ၊ အမေရိကန်ဘက်က ပေါ်လစီမပြောင်းတာကို မြန်မာ စစ်အစိုးရအနေနဲ့ ဂရုစိုက်မလား၊ သူတို့အနေနဲ့ သူတို့သွားမယ့် ရွေးကောက်ပွဲကို ရှေ့နှစ်အတွင်းမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ ယူဆသလား။

N. Kipgen ။ ။ ယူဆပါတယ်။ သူတို့က ဘာဘဲပြောပြော သူတို့လည်း အမေရိကန်နဲ့ အဆက်အသွယ်ကောင်းဖို့လည်း အရမ်း ကြိုစားတယ်၊ စဉ်းလည်းစဉ်းစားပါတယ်။ ဒါပေမယ့် သူတို့အတွက်အဓိကတော့ သူတို့အာဏာ ဆက်ရှိနေရေးက အဓိက ဖြစ်တယ်။ တခြားနိုင်ငံတွေနဲ့ ပြေလည်ဖို့ဆိုတာ ဒုတိယဖြစ်တယ်။ တခြားနိုင်ငံတွေပြောတဲ့အခါ နိုင်ငံတကာအားလုံးက သူတို့ကို ဖိအားပေးနေတာ မဟုတ်ဘူးလေ။ အိမ်နီးချင်းနိုင်ငံတွေက ဖိအားမပေးတဲ့အခါကြတော့ အမေရိကန် အဆင် မပြေ လည်း သူတို့အနေနဲ့ ဆက်သွားလို့ရတယ်ဆိုတော့ အမေရိကန် foreign policy (နိုင်ငံခြားရေးမူဝါဒ) မပြောင်းလဲလည်း စစ်အစိုးရအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ဆက်သွားမယ်လို့ ကျနော်မြင်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG