သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု တရားရုံးလက်ခံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမှုကို ပြန်လည်ကြားနာဖို့ သူ့ရဲ့ ဥပဒေကျိုးဆောင်တွေက လျှောက်လဲချက်တင်ထားတာကို ရန်ကုန်တိုင်းတရားရုံးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ သူတို့ရဲ့ လျှောက်လဲချက်ထဲမှာ လက်ခံစဉ်စားထိုက်တဲ့ အချက်တွေ ပါနေတဲ့အတွက် အခုလို တိုင်းတရားရုံးက ပြန်လည်ကြားနာဖို့ လက်ခံလိုက်တာ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်နဲ့ ထိန်းချုပ်ထားတဲ့ ဥပေဒ ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တရားရုံးက နေအိမ်အကျယ်ချုပ်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ချမှတ်ခဲ့တဲ့ အမှုအတွက် ရန်ကုန်တိုင်း တရားရုံး အနေနဲ့ ပြန်လည် ကြားနာပေးဖို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက မနေ့က လျှောက်လဲချက် တင်ခဲ့ကြတာပါ။ ဒီကနေ့မှာတော့ အဲဒီလျှောက်လဲချက်ကို ကြားနာဖို့ တိုင်းတရားရုံးက လက်ခံ လိုက်ပြီလို့ အကျိုးဆောင်ရှေ့နေတဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ တရားစီရင်ရေးနဲ့ပတ်သက်ရင်၊ အခု အယူခံနဲ့ပတ်သက်ရင် နှစ်မျိုး ရှိပါတယ်။ တမျိုးကတော့ ပထမအဆင့်ပေါ့လေ။ လက်ခံခြင်းမခံခြင်း အမှုတင်လိုက်တယ်။ အမှုတင်ပြီးတဲ့အခါမှာ ဒီအမှုကို လက်ခံ စဉ်းစားမယ် မစဉ်းစားဘူး ဆိုတာ တဆင့်ပေါ့။ တကယ်လို့ အဲဒီအဆင့်ကျော်သွားရင် ကျနော်တို့ တင်လိုက် တဲ့ အယူခံရဲ့ အတိမ်အနက်အပေါ်မှာ မူတည်ပြီးတော့ အဆုံးအဖြတ် ပြုဖို့ပါ။ အဲဒီလို ကျနော်တို့ဆီမှာ ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ ရန်ကုန်တိုင်း တရားရုံးကနေပြီးတော့ အမှုကို လက်ခံဖို့ လျှောက်လဲချက်ပေးပြီးတဲ့အခါမှာ တရားရုံးက လက်ခံကြောင်းနဲ့ ကျနော်တို့ အယူခံတရားလို၊ ဟိုဘက်က အယူခံတရားခံ နှစ်ဦးနှစ်ဖက် ကြားနာဖို့ ရက်ချိန်း တခါတည်းပေးလိုက်ပါတယ်။ ကျနော်တို့အမြင်ကတော့ ဒီဥစ္စာဟာ ဥပဒေအရ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဖို့လိုနေတဲ့အမှု ဖြစ်ကြောင်းကို တရားရုံးက လည်း သဘောပေါက်လို့ လက်ခံတယ်လို့ပဲ ကျနော် ဒီလိုပဲ မြင်ပါတယ်။"

ရန်ကုန်တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို ကြားနာဖို့ လက်ခံလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေကြောင့်လို့ ယတိပြတ်ပြောလို့မရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဖက်က ဥပဒေလမ်းကြောင်းအရ မှန်နေတဲ့ အတွက် လက်ခံလိုက်တာဖြစ်နိုင်ပြီး လျှောက်လဲချက်ပေးတဲ့အခါမှာလည်း အနိုင်ရလိမ့်မယ်လို့ မျှော်လင့် ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

"ကျနော်တို့က ယူဆတယ်။ ဥပဒေအရ 'on the margin' ကျနော်တို့ ဟိုဘက်ဒီဘက် စဉ်းစားရမယ့်အချက်မျိုး မပါဘူး။ ကျနော်တို့ဘက်က ဥပဒေအရ လုံးဝသာတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောနိုင်တာ။"

တိုင်းတရားရုံးက ဒီလျှောက်လဲချက်ကို ကြားနာဖို့ လက်ခံလိုက်တာဟာ ပထမအဆင့်သာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ လျှောက်ထားသူနဲ့ တရားလို နှစ်ဖက်စလုံးက ရုံးတော်မှာ လျှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။

"ဒါက ပထမအဆင့်လေ။ admitted or not ဆုံးဖြတ်ဖို့ ကျနော်တို့ တဖက်က လျှောက်လဲချက်ပေးတာ။ ပြီးသွားတော့ လက်ခံတယ်ဆိုတဲ့အတွက် နောက်တဆင့်မှာ ကျနော်တို့ အစိုးရဘက်ကရော၊ ကျနော်တို့ ဘက်ကရော၊ တရားလို ဘက်ကရော၊ ကျနော်တို့ဘက်ကရော နှစ်ဘက်လျှောက်လဲချက် ပေးရမယ်။ ပေးပြီးခါမှ ဒီအယူခံလွှာကို အဆုံးအဖြတ် ပေးမှာ။ ကျနော်တို့ လျှောက်လဲချက်က လာမယ့် ၁၈ ရက် မနက် ၁၀ နာရီမှာ ရုံးချိန်းပေးထားတယ်။"

အခု အယူခံတင်ထားတဲ့ အဓိကအချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိတဲ့အတွက် သူ့အပေါ် ချထားတဲ့ စီရင်ချက်ကို ပြင်ပြီး လွှတ်ပေးဖို့အတွက် လျှောက်လဲချက်တင်ခဲ့တာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

"ဟုတ်ကဲ့။ လွတ်နိုင်ပါတယ်။ ကျနော်တို့အယူခံကလည်း အဲဒါနဲ့ တောင်းထားတာ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်တွေ့တယ်။ convicted ဆိုတာကို verdict ဆိုတာကို လက်မခံနိုင်ဘူး။ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာမရှိဘူး။ လုံးဝအပြစ်ကင်းစင်တယ်။ အဲဒါကို ကျနော်တို့ လာမယ့် ၁၈ ရက်နေ့ မနက် ၁၀ နာရီမှာ ကျနော်တို့ အယူခံ တရားလိုရော၊ တဖက်ကရော နှစ်ဖက်လျှောက်လဲချက် ပေးကြရမှာ။ ပေးပြီးကာမှ တိုင်း တရားရုံးက အဆုံးအဖြတ်ပေးမယ်။"

တကယ်လို့ ရန်ကုန်တိုင်းတရားရုံးမှာ တင်သွင်းတဲ့ အယူခံလွှာမအောင်မြင်ခဲ့ရင် ဗဟိုတရားရုံးတင်သွင်းပြီး အဲဒီမှာမှ မအောင်မြင်ပြန်ရင်လည်း နိုင်ငံတော်အကြီးအကဲထံ အယူခံလွှာ တင်သွင်းဖို့အထိ ပြင်ဆင်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

"ကျနော်တို့ ဒီရုံးမှာ မအောင်မြင်ဘူးဆိုရင် တရားရုံးချုပ်မှာ ကျနော်တို့ ပြင်ဆင်မှု ဖွင့်ရမှာပေါ့ ဒီဟာကို။ ပြင်ဆင်မှု ဖွင့်လို့လည်း မအောင်မြင်သေးဘူးဆိုရင် ကျနော်တို့ အထူး အယူခံတင်သွင်းမယ်။"

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရုံးတင်စစ်ဆေးပြီး နေအိမ်အကျယ်ချုပ်နဲ့ ၁၈ လ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ် လိုက်တာဟာ စစ်အစိုးရက လာမယ့် ၂၀၁၀ ခုနှစ်မှာကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်မပါနိုင်အောင် နိုင်ငံရေးအရ တမင်အကွက်ဆင် လုပ်ကြံတာဖြစ်လိမ့်မယ်လို့ အများက ထင်မြင် ယူဆနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG