သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် လေကြောင်းတိုက်ခိုက်မှု စုံစမ်းရေး ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း


အာဖဂနစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ဂျာမန်တပ်မှူးက အမိန့်ပေးခဲ့တဲ့ သောကြာနေ့က လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမြန်ဆုံးနဲ့ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အရပ်သားတွေ ပါဝင်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုထားတာပါ။ ဂျာမန် ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်းနဲ့ တွေ့ဆုံပြီး၊ အာဖဂန် နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီနှစ် မကုန်မီ ဆွေးနွေးကြဖို့ ကုလသမဂ္ဂရဲ့ ညီလာခံကို အားပေးထောက်ခံစကားလည်း ပြောကြားခဲ့တာပါ။ တနင်္ဂနွေနေ့ထုတ် အမေရိကန် နိုင်ငံက ဝါရှင်တန် ပို့စ် သတင်းစာကြီးကတော့ ထောက်လှမ်းရေး သတင်းအရင်းအမြစ် တခုတည်းအပေါ် အခြေခံပြီး ဂျာမန်တပ်မှူးက အမိန့်ပေးစေခိုင်းခဲ့တာဟာ နေတိုး ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ သဘောသက်ရောက်နိုင်ကြောင်း ဖော်ပြခဲ့တာပါ။ တာလီဘန်တွေ လက်ထဲ ရောက်နေတယ်လို့ ဆိုတဲ့ လောင်စာတင် ကား ၂ စီး အနီးအနားမှာ လူတွေ ဝိုင်းဝန်းနေတဲ့ ခပ်ဝါးဝါး ဗွီဒီယိုမှတ်တမ်းကို အမေရိကန် တိုက်လေယာဉ်က ပေးပို့ခဲ့တာကို ဂျာမန်တပ်မှူးက ရရှိခဲ့ပေမဲ့ ဒီအထဲက လူတွေဟာ လက်နက်တွေ ကိုင်ဆောင်ထား မထား ဆိုတာကို ရှင်းရှင်း လင်းလင်း မတွေ့ရဘူးလို့ ဝါရှင်တန်ပို့စ် က ဆိုပါတယ်။ ဒါပေမဲ့လည်း အာဖဂန်နိုင်ငံသား သတင်းပေး က အဲဒီမှာရှိနေတဲ့ သူတွေဟာ သောင်းကျန်းသူတွေ ဖြစ်တယ်လို့ ဆိုခဲ့တာမို့၊ ဂျာမန် တပ်မှူးက ဂြိုဟ်တုပဲ့ထိန်း ဗုံးတွေနဲ့ လောင်စာတင် ကားတွေကို ကဲျချဖို့ အမိန့်ပေးခဲ့တာလို့ သတင်းစာက ဖော်ပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG