သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ကို သတင်းတပ်ဖွဲ့က တနေ့တာ ခေါ်ယူမေးမြန်း


အဲန်အယ်လ်ဒီ (NLD) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းတင်ကို ဒီကနေ့ အာဏာပိုင် တွေက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ စနေနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဦးဝင်းတင်ကို သက်ဆိုင်ရာက ခေါ်ယူ တွေ့ဆုံခဲ့ပုံကို ဦးဝင်းတင်က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ကျနော့်ကို လာခေါ်တယ်။ လာခေါ်တော့ ကျနော်က ပြောတယ်။ ကျနော် မလိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ လုပ်တာတွေက တော်တာ်ကို တရားလွန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲန်အယ်လ်ဒီ ဆိုလို့ရှိရင် ဘန်ကီမွန်း နဲ့တွေ့ဖို့ သော်လည်းကောင်း၊ ဂျင်မ်ဝက်ဘ် နဲ့ တွေ့ဖို့သော်လည်းကောင်း ခေါ်တဲ့အခါတွေမှာ ဘယ်သူက ဘာအကြောင်းကြောင့် ဖိတ်တယ်ဆိုတာ မပါဘဲနဲ့ လိုက်ခဲ့၊ နေပြည်တော်ကို လိုက်ခဲ့ ဆိုပြီးတော့ ခေါ်တာတွေက လက်မခံနိုင်ဘူးလို့၊ နောက်ပြီးတော့ ခင်ဗျားတို့ ကုန်ကုန်ပြောရရင် မဝတ မှာ ခေါ်ပြီးတော့ ကျိန်းတယ်ဗျာ။ လူငယ်တွေ ကြေညာချက်ထုတ်လို့ ဆိုပြီးတော့။ အဲဒီလို ဟာတွေလည်း ခင်ဗျားတို့ခေါ်ရင် ကျနော်တို့ မလိုက်နိုင်ဘူး။ အဲဒီတော့ ကျနော် မလိုက်ဘူး၊ ခင်ဗျားတို့ ပြန်ပြောလိုက် ဆိုတော့ သူတို့ ဖုန်းတွေဘာတွေ ဆက်တယ်။ ဆက်တဲ့အခါကျတော့ တိုင်းကနေ တာဝန်ရှိတဲ့သူတွေ လိုက်လာပြီးတော့ ခေါ်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ။ ကျနော်ကလည်း ကောင်းကောင်းမွန်မွန် ပါပဲ။ လိုက်သွားတာပေါ့ဗျာ။ သူတို့ တိုင်းက ခေါ်တာပါ။ ကျနော့်ကို စစ်ကြောရေးတွေမှာ ထွက်တဲ့ဟာတွေနဲ့ ပတ်သက်ပြီး မေးစရာရှိပါတယ်၊ အဲဒါကြောင့် သူတို့ခေါ်တယ်၊ တိုင်းက တာဝန်ခံ ဖြစ်ပါတယ်၊ သတင်းတပ်ဖွဲ့က ဖြစ်ပါတယ်ဆိုပြီး ကျနော့်ကို ကားနဲ့လာခေါ်တာ။"

အာဏာပိုင်တွေဘက်ကပြောတာကတော့ အာဏာပိုင်တို့ရဲ့ စစ်ကြောရေးအတွင်းမှာ တချို့သူတွေရဲ့ ထွက်ဆိုချက်တွေက ဦးဝင်းတင်နဲ့ ပါဝင်ပတ်သက်နေတဲ့ အတွက်ကြောင့်မိုလို့ ခေါ်ယူမေးမြန်းရတာလို့ ပြောပါတယ်။ ဒီကိစ္စကိုလည်း ဦးဝင်းတင်က ငြင်းဆန်ခဲ့တယ်လို့ အခုလို ပြောပြပါတယ်။

"ကျနော့်ကို သူတို့ကနေပြီးတော့ ကျနော့်ကို ငွေတွေဘာတွေ ပေးတယ်ပေါ့လေ။ နိုင်ငံရေးအားဖြင့် ကျနော်နဲ့ ချိတ်ဆက်တဲ့ အခါကျတော့ ပြောတာ။ ကျနော် ဒီမိုကရေစီလုပ်နေတဲ့ဟာတွေကို သူတို့ကနေ ထောက်ခံတဲ့အခါမှာ ဒီလိုဟာတွေ အပြော အဆိုတွေ ရှိကောင်းရှိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဒီမိုကရေစီအတွက် လုပ်နေတယ်ဆိုတာကို သိတာပဲ။ ကျနော် လည်း အလားတူပဲ သူတို့ လုပ်နေတဲ့ဟာတွေကို ကျနော် ဘာမှမပြောချင်ဘူး။ ကျနော် ထောက်ခံတယ်လို့ပဲ ပြောနိုင်တယ်။ ဒါကြောင့် ကျနော် ငြင်းတဲ့ဟာက အဲဒီအခြေခံအပေါ်မှာ ငြင်းတာ။ ကျနော် ဘာမှမပတ်သတ်တာလည်း ကျနော် ပြောနိုင် တယ်။ ဘာမှ ကျနော် အချိတ်အဆက်တွေ မရှိတာလည်း ကျနော် ပြောနိုင်တယ်။ ကျနော် ဒီမိုကရေစီကိစ္စ လုပ်တယ်။ ဒါပဲ။"

ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ အာဏာပိုင်တွေ ခေါ်ယူတွေ့ဆုံခဲ့တဲ့ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ နှစ်ရှည် အကျဉ်းချခံခဲ့ရဖူးတဲ့ ဦးဝင်းတင်ဟာ အသက်အရွယ် ကြီး လာတာနဲ့အမျှ ကျန်းမာရေးလည်း သိပ် မကောင်းလှပါဘူး။ မကြာခင်ကပဲ နှလုံးအားနည်းလို့ နှလုံးခုန်စက် တပ်ဆင်ထားရ တာပါ။ ဦးဝင်းတင်ဟာ မြန်မာစစ်အစိုးရက နောက်နှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို တစိုက်မတ်မတ် ကန့်ကွက်နေ သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG