သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးထောင်တန် ငွေစက္ကူသတင်းကြောင့် ထိုင်းနယ်စပ်ကုန်သွယ်ရေး အခက်ကြုံ


ကျပ်ငွေ ငါးထောင်တန် ထွက်တာကြောင့် ငါးရာတန် တထောင်တန် ငွေစက္ကူတွေ တရားမဝင် ဖြစ်တော့မလားစိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ်မှာ မြန်မာငွေကို လုံးဝလှဲလှယ်ခြင်း မလုပ်တော့ဘဲ မြန်မာငွေတန်ဘိုး ချက်ချင်းထိုးကျသွားပါတယ်။ အပြည့်စုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာတော့ ကျပ်ငွေ ငါးထောင်တန် ထွက်တဲ့အတွက် ကျပ်ငွေ ငါးရာတန်နဲ့ တထောင်တန် ငွေစက္ကူတွေဟာ အစိုးရက သိမ်းနိုင်တယ်ဆိုပြီး စိုးရိမ်မူတွေနဲ့ မြန်မာငွေ လှဲလှယ်မူတွေကို လုံးဝလက်မခံတော့သလို ကုန်ပစ္စည်း ကြီးကြီးမားမားတွေ ဝယ်မယ်ဆိုရင်လည်း မြန်မာငွေကို လက်မခံတော့ဘူးလို့ ဆိုပါတယ်။ မြဝတီမြို့ နဲ့မဲဆောက် နှစ်နိုင်ငံ ကုန်သွယ်မူလုပ်နေတဲ့ ကုန်သည်တွေအနေနဲ့ ကျပ်ငွေကိစ္စ အတော်ဂယက်ရိုက်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြဝတီမြို့က ကုန်သည်တဦးပြောပြတာက -

"မနက်တုန်းကတော့ ကျနော်တို့မှာ မြန်မာငွေရှိတာကို ဘတ်လည်း လဲလို့မရ ဘာမှလုပ်လို့မရ၊ ဆိုင်တဆိုင်ဝင်သွားတယ်၊ ကျနော် ဘတ်လဲချင်လို့ပါလို့ ပြောတယ်။ သူတို့ မလဲပေးဘူး။ သူတို့ မြန်မာငွေမယူဘူး။ ဘတ်ပဲ ယူတယ်တဲ့။ နောက်တဆိုင်ဝင်သွားလည်း ဒီအတိုင်းပဲ။ ကျနော်တို့ မြန်မာငွေမယူဘူးတဲ့။ သုံးလေးဆိုင်လောက်ကျတော့ ကျနော်လည်း ပြောလိုက်တာပေါ့။ ကျနော်တို့ မြန်မာငွေ သုံးမရတော့ဘူးလား ဆိုတော့၊ - အစ်ကိုတဲ့ မြန်မာငွေ ငါးထောင်တန် ထွက်တဲ့အတွက်ကြောင့် ဒီမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတယ်တဲ့။ အရင်ကဆိုလို့ရှိရင် ၃ ဘတ်နဲ့ ၁၅ ပြားပေါက်တယ်။ မနက်တုန်းကကျတော့ ဘယ်သူမှမလဲပေးဘူး။ ၁၀ နာရီလောက်ကျတော့မှ ၂ ဘတ် ၉၈ ပြားအထိ ဖြစ်သွားတယ်။ ၁၇ ပြားလောက် ကွာသွားတာပေါ့နော်။ ၁၇ ပြားဆိုတဲ့ငွေက နည်းတာမဟုတ်ဘူး။ ၁၀ သိန်းဆိုလည်း နည်းတာမဟုတ်ဘူးလေ။ အဲဒီလိုမျိုး ကွာဟချက်တွေ ဖြစ်သွားတယ်။ အကျပ်အတည်းတွေ ဖြစ်ကုန်တာ။"

မြဝတီမြို့မှာ မြန်မာငွေကနေ ဘတ်ငွေ၊ ဘတ်ငွေကနေ မြန်မာငွေ လှဲလှယ်တဲ့နေရာပေါင်း ၂၀၀ ဝန်းကျင်လောက် ရှိပေမဲ့ မြန်မာငွေကနေ ဘတ်ငွေကို လုံး၀ လဲလှယ်လို့မရတော့တဲ့အခြေအေနတွေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို မေးမြန်းကြည့်တဲ့အခါမှာတော့ -

"ကြောက်တာပေါ့နော်။ ကျပ်ငွေ ၁ ထောင်တန်တို့၊ ငါးရာတန်တို့ကို သိမ်းမှာ သူတို့ ကြောက်ကြတယ်။ လူတွေ အများစုပြောတာတော့ အဲဒါပဲ။ တထောင်တန်တို့ ငါးရာတန်တို့ကို သိမ်းမှာကြောက်လို့ သူတို့ လဲမယူကြတော့ဘူးတဲ့။ ကုန်သည်တွေ အများကြီးရှိတယ်။ ဆိုင်ကယ်ဝယ်တဲ့ကုန်သည် ရှိတယ်။ ကားဝယ်တဲ့ကုန်သည်ရှိတယ်။ ပစ္စည်းဝယ်တဲ့ကုန်သည် ရှိတယ်။ အကုန်လုံး ရပ်နေတယ်ဒီအတိုင်းပဲ။ ကျနော်ဆိုလည်း ပစ္စည်းဝယ်တာပဲ။ အကုန်လုံး ဒီအတိုင်းပဲ ရပ်ထားတယ်။ ဘာမှမဝယ်တော့ဘူး။"

မြန်မာငွေမတည်ငြိမ်မူအပေါ်မှာ ကုန်သည်ေတွက စိုးရိမ်ခဲ့တာဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ မြန်မာငွေတွေကိုင်ပြီး ဘာပစ္စည်းမှဝယ်လို့မရတော့တဲ့အတွက် အတော်ကို စိတ်ပျက်သွားတဲ့အကြောင်းကိုလည်း ကုန်သည်ကပြောပြပါတယ်။

"မနက်ကဆို ကျနော် ဘယ်လိုခံစားလိုက်ရလဲဆိုတော့ ကျနော် ပိုက်ဆံကိုင်ထားတယ်နော်။ ကိုင်ထားပြီးတော့ လဲလို့မရဘူးနော်၊ လဲလို့မရတော့ ကျနော် တံတားထိပ်နားအထိ ရောက်သွားတယ်။ ရောက်သွားတော့ ကျနော့် သူငယ်ချင်းကို ကျနော်ပြောတယ်။ ဒီပိုက်ဆံတွေ အကုန်လုံးကို ဒီမှာ ကျဲချလိုက်ရင် ဘယ်လိုနေမလဲ မသိဘူးနော်လို့ ကျနော် သူငယ်ချင်းကို ပြောတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ စက္ကူတွေလို့ပဲ ကျနော် မြင်သွားတယ်။ ဒီငွေတွေဟာ သုံးလို့ဘာလို့မရတာလဲ။ အရင်ကဆို ကျနော်တို့ ချက်ချင်းလဲ ချက်ချင်းရတယ်။ အခုသုံးလို့မရတော့ဘူး။"

မြဝတီမြို့မှာတော့ ဒီသတင်းကြောင့် ရွှေဆိုင်တွေဟာ မနက်ပိုင်းတုန်းက ပိတ်ထားပြီး နေ့ခင်းပိုင်း ပြန်ဖွင့်တဲ့အခါမှာတော့ ရွှေရောင်းတာတွေ မလုပ်တော့ဘဲ ရွှေဝယ်တာတွေကိုပဲ လုပ်နေတဲ့အကြောင်း မြို့ခံတွေကပြောပါတယ်။ နယ်စပ်မှာတော့ မြန်မာကျပ်ေငွကတော့ အရင် ၃ ဘတ် ၁၅ ပြားကနေ ၂ ဘတ် ၉၈ ပြားအထိ ထိုးကျသွားပါတယ်။ ဒီနေ့မှာတော့ နယ်စပ်ကုန်သွယ်ရေးတွေ၊ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားပေမဲ့ ငါးထောင်တန်ထွက်တဲ့ အပေါ်မှာ မြန်မာစစ်အစိုးရကတော့ လက်ရှိသုံးစွဲနေတဲ့ တခြားငွေကြေးတွေကိုလည်း ဆက်လက်သုံးစွဲလို့ ရတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG