သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shirt စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ keep your shirt on, lose your shirt, stuffed shirt နဲ့ တို့ to give the shirt off his back တို့ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမဲ့ အီဒီယံအသုံးကတော့ keep your shirt on ဖြစ်ပါတယ်။ Keep သိမ်းထားပါ၊ Your သင့်၏၊ Shirt အင်္ကျီ ဆိုတော့ စကားစုတစုလုံးရဲ့ လုံးကောက်တိုက်ရိုက်အဓိပ္ပါယ်က သင့်၏ အင်္ကျီကို သိမ်းထားပါ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခါတလေမှာ ဒီအသုံးအနှုန်းက စိတ်ရှည်ဖို့၊ စိတ်လိုက်မာန်ပါမလုပ်ဖို့၊ တဦးတယောက်ကို ပေးတဲ့အကြံကို ပြောတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သူငယ်ချင်းတဦးက တခြားသူငယ်ချင်းတဦးကို ပြောပြတဲ့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Keep your shirt on, Harry. We have plenty of time to catch the train."
"Harry စိတ်ကိုအေးအေးထားပါ။ အချိန်တွေအများကြီး ရှိပါသေးတယ်၊ ရထားကို မှီပါသေးတယ်။"

တခါတလေ ဒီအသုံးအနှုန်းကို အခြေအနေအားလုံး တိတိကျကျမသိသေးခင် စိတ်မဆိုးပါနဲ့ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပြောဆိုသုံးစွဲနိုင်ပါတယ်။

ရုံးအဆင်း အိမ်ပြန်နောက်ကျလို့ ဒေါသထွက်နေတဲ့ ဇနီးသည်ကို ခင်ပွန်းသည်က နှစ်သိပ်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Honey, keep your shirt on please. I am sorry, but the boss made me work late at the office."
"အချစ်ရေ စိတ်ဆိုးမယ်မကြံနဲ့နော်။ နောက်ကျသွားတာ ကိုယ့်ဆရာက ရုံးမှာ အချိန်လွန်တဲ့အထိ ခိုင်းထားလို့ပါကွာ။"

ဒုတိယတင်ပြပေးမဲ့ အီဒီယံအသုံးကတော့ lose your shirt ဖြစ်ပါတယ်။ Lose ဆုံးရှုံးသည်၊ Your သင့်၏ Shirt အင်္ကျီ ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သင်ရဲ့ အင်္ကျီဆုံးရှုံးသွားသည် ဖြစ်ပါတယ်။ အီဒီယံအသုံးအနှုန်းကတော့ ဂျောက်ကျနေတယ်၊ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ ကိုယ့်မှာ အဝတ်တထည် ကိုယ်တခုရှိတာတောင်မှ အဝတ်တထည်တောင်မှ မရှိတော့ဘူးဆိုရင် အားလုံးဆုံးရှုံးသွားတဲ့ သဘောဖြစ်ပါတယ်။

George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Did you hear what happened to Joe? He has lost his shirt. The poor guy invested all his money in a fancy restaurant and it just went out of business."
"Joe ဘာဖြစ်သွားသလဲဆိုတာ ခင်များကြားမိသလား? သနားစရာပါဘဲ။ သူအထိနာသွားတယ်လေ ရှိတာတွေ အကုန်လုံးကုန်ပါရော။ သူ့ပျော်ပွဲစားရုံမှာ သူ့ရင်းနှီးထားသမျှ ကုန်သွားပြီး သူ့ဆိုင်လည်း ပြုတ်သွားခဲ့တယ်။"

Shirt နဲ့ ပတ်သက်ပြီး ထပ်မံတင်ပြပေးမဲ့ အီဒီယံအသုံးကတော့ stuffed shirt ဖြစ်ပါတယ်။ Stuffed က သိပ်ထဲ့ခြင်း၊ သွတ်ထဲ့ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ ခေါင်းအုံးထဲ့ မှို့သွတ်ထဲ့ခြင်း ဖြစ်ပါတယ်။ Stuffed ကို နာမဝိသေသန Shirt အင်္ကျီနဲ့တွဲပြီးသုံးထားတဲ့ stuffed shirt အီဒီယံအဓိပ္ပါယ်ကတော့ အစားပလာတွေသွတ်ထားတဲ့ အင်္ကျီလို အတွင်းမှာ အရည်အချင်းမရှိ ဟန်ပြကောင်း၊ စိတ်ကြီးဝင်သူ၊ အိုင်တင်တခွဲသာနဲ့ ခံတတ်သူကို ခေါ်ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"My boss is a stuffed shirt. All he talks about is how important his ancestors are, how he was the number one in his class in university, and the wonderful things he thinks and he's done for our company."

"ကျနော်တို့ အထက်အရာရှိကတော့ အိုင်တင်အရမ်းများပါတယ်။ သူစကားပြောရင် သူ့ဘေးဘိုးဘီဘင်တွေက ဘယ်လောက်အရေးပါကြောင်း၊ သူတက္ကသိုလ်တုန်းက ဘယ်လိုအတန်းထဲမှာ နံပတ် တစ် ရခဲ့ကြောင်း၊ သူ့ကုမ္မဏီအတွက် ဘယ်လောက်ကောင်းအောင် လုပ်ခဲ့ကြောင်း စတဲ့အကြောင်းတွေဘဲ ပြောနေတယ်။"

နောက်ဆုံးတင်ပြပေးမဲ့ အီဒီယံအသုံးအနှုန်းကတော့ to give the shirt off his back ဖြစ်ပါတယ်။ To give က ပေးကမ်းသည်၊ Shirt က အင်္ကျီ၊ Back က နောက်ကျော ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ဝတ်ထားတဲ့အင်္ကျီကိုတောင် ပေးကမ်းမျှဝေလိုတဲ့ စိတ်ထားကောင်းတဲ့လူ လို့ ပြန်ဆိုနိုင်ပါတယ်။ ဒီစကားစုရဲ့ သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်ကတော့ တကယ့်မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဖြစ်တဲ့အတွက် အရာရာကို မိတ်ဆွေသူငယ်ချင်းတွေအတွက် စွန့်လွှတ်ဖို့အဆင်သင့်ရှိတဲ့လူ၊ အနှစ်နာခံတဲ့လူ၊ ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ အများအကျိုးအတွက် အမြဲတမ်း စေတနာထားတတ်သူကို ဆိုလိုပါတယ်။

ဒီအီဒီယံအသုံးနဲ့ ပတ်သက်ပြီးတော့ George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"He is a very kind hearted and helps everybody. He is willing to give the shirt off his back."
"သူဟာ သိပ်ကို စိတ်စေတနာကောင်းသူဖြစ်ပြီး လူတိုင်းကို ကူညီသူဖြစ်တယ်။ သူက သူမှာရှိရှိသမျှကို ပေးကမ်းနိုင်တဲ့ ရက်ရောတဲ့လူဖြစ်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG