သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဒီမိုကရေစီရေး သန္နိဋ္ဌာန် ခိုင်မာမှု နိုဘယ်လ်ဆု လက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော


ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ သူ့လိုပဲ ဆုရှင်တဦးဖြစ်ပေမဲ့ အခုအချိန်အထိ ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်တွေ အားလုံးနဲ့ ဒီဆုဟာ သက်ဆိုင်ပါတယ်လို့ ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက် လာတာကို မြင်တွေ့လိုတဲ့ အကြောင်းကိုလည်း အမေရိကန် အစိုးရက ထပ်ပြီး ပြောခဲ့တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တွေထဲက တဦးတည်းသော ဖမ်းဆီး ထိန်းသိမ်း ခံနေ ရ သူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီရေး စွမ်းဆောင်မှုတွေကို အခုနှစ်အတွက် ဆုရှင်ဖြစ်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အလေးထား ပြောဆိုလိုက်တာပါ။ သမ္မတက ဆုချီးမြှင့်ခံရကြောင်း သိရပြီးတဲ့ နောက် ပြောဆိုလိုက်တဲ့ နေရာမှာ ဒီဆုဟာ သူ့အစိုးရကို ဂုဏ်ပြုတာထက် အဓိပ္ပာယ် ပိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာတလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန်နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။"

သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရခဲ့ကြသူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ သမ္မတက မနေ့တုန်းကပဲ မှတ်ချက်ပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး အတွက်လည်း ထပ်မံတိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ သမ္မတရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရတဲ့အကြောင်း မှတ်ချက်ပေးစကားကို ကိုးကားပြီး အမေရိကန် အစိုးရရဲ့ ရပ်တည်ချက် သဘောထားကို နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ ဦးစားပေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ပါ။ သမ္မတရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကြေညာချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကိုးကားပြီး ပြောသွားတာကို ခင်ဗျားတို့ သတိထားမိကြမှာပါ။"

မနေ့တုန်းကပဲ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီ တာဝန်ခံအပါအဝင် ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံက သံတမန် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာမှာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု ကိစ္စတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ထားပေမဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ပြောဆိုထားတာပါ။ ဒီလို ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုဖို့လည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်အပါအဝင် သံတမန်တွေနဲ့ တွေ့ခွင့် ရတဲ့အပေါ် အကောင်းမြင် သဘောထားရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် အမေရိကန် အစိုးရက ရှုမြင်ထားဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က ဆိုခဲ့တာ ဖြစ်ပါတယ်။

"တွေ့ဆုံမှုတွေဖြစ်ခဲ့တာကို ကျနော်တို့ ကျေနပ်မိပါတယ်။ သိတဲ့အတိုင်း သူဟာ မြန်မာပြည်ရဲ့ လက်ရှိကာလနဲ့ အနာဂတ် အတွက် အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ သင့်တယ်လို့ လည်း ယုံကြည် ထားပါတယ်။"

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley ဖြစ်ပါတယ်။ ရှေ့လအတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ ပစိဖိတ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ အစည်းအဝေး အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း သမ္မတ အိုဘားမား ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် ဒီအစည်းအဝေးပွဲအတွင်း စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကား ပြောဖြစ်မယ် မပြောဖြစ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG