သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူထုအခြေပြု ညီလာခံ ထုတ်ပြန်ချက်မူကြမ်း ပြည်တွင်း NGO ကန့်ကွက်


ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ လူထုအခြေပြု ညီလာခံ အပိတ်နေ့မှာ ညီလာခံကိုယ်စားပြု ထုတ်ပြန်မယ့် ကြေညာချက်အပေါ် ပြည်တွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။ မနေ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နိုင်ငံကိုယ်စားပြုတယောက် ရွေးချယ်ရာမှာ ပြည်တွင်း ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမဲ့ ဒီနေ့တော့ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါ စာသားတချို့နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအချို့ အပါအဝင် ပြည်ပရောက် မြန်မာကိုယ်စားလှယ်တွေနဲ့ ပြည်တွင်း ကိုယ်စားလှယ်တွေအကြား အငြင်းပွားနေကြပါတယ်။ ပြည်တွင်း ကိုယ်စားလှယ်တွေက လူ့အခွင့်အရေး ဆိုးရွားမှု အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထောက်ခံတဲ့ကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လူထုထောက်ခံမှု မရှိတဲ့အကြောင်း စသဖြင့် အကြောင်းအရာ အများစုကို ကြေညာချက်ထဲ မထည့်ဖို့ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

ညီလာခံ ကိုယ်စားလှယ်ဖြစ်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြည်တွင်း ကိုယ်စားလှယ်အဖွဲ့ရဲ့ အခြေအနေကို ခုလိုရှင်းပြပါတယ်။

“ဒီ အာဆီယံ People forum ကို ကိုယ်စားပြုတဲ့ Statement ထဲမှာ သုံးထားတဲ့ဟာတွေကို အဓိကတော့ ဗမာ့အရေး၊ ဗမာအကြောင်းပေါ့၊ ဥပမာ ဗမာပြည်က လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေတယ်၊ ဗမာပြည်တွင်းက ဟာက Internal ပေါ့၊ ပြည်တွင်းရေးကိစ္စ မဟုတ်ပါဘူး၊ ဒေသတွင်းဆိုင်ရာ ကိစ္စ ဖြစ်ပါတယ်ဆိုတာ သူတို့က မဟုတ်ပါဘူး ဆိုတာမျိုးပေါ့၊ အဲဒါမျိုးကို ငြင်းနေရတာ။ သူတို့က ဒီစာတန်းကို ဖြုတ်ပေးပါ။ ကျနော်တို့ကလည်း မဖြုတ်နိုင်ပါဘူး၊ ဒါကို ကျနော်တို့ ဗမာ့အရေးကို သိပြီးတော့ ထောက်ခံသူတွေကလည်း ဒါကို မဖြုတ်သင့်ပါဘူးပေါ့ဗျာ။ သူတို့က ဟိုဘက်က အစိုးရက စနစ်တကျ လွှတ်လိုက်တဲ့ အဖွဲ့လိုမျိုး လာတာကိုး။”

ပြည်ပအခြေစိုက် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ တင်ပြတာကို အဖွဲ့ဝင်နိုင်ငံ အချို့က ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီဥစ္စာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖိုရမ်ဆိုတော့ လက်ရှိ ဗမာပြည် အခြေအနေကိုလည်း နားလည်ကြတဲ့ လူတွေများတော့ ကျနော်တို့ ရေးထားတဲ့ ဟာတွေကို လက်ခံကြတာပေါ့။ ဥပမာအားဖြင့် ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင် စဉ်းစားသင့်တယ် ဆိုတဲ့ဟာမျိုး ရေးထားတာ၊ ဒါကို သူတို့က ဖျက်ပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက တကယ်အတည်ပြုပြီးပြီ၊ ရွေးကောက်ပွဲလည်း လုပ်တော့မှာပဲ၊ ဆိုတော့ ကျနော်တို့က ဒီအခြေခံဥပဒေဟာ သူတို့သဘောနဲ့ သူတို့ အတည်ပြုထားတယ်ဆိုတာ ငြင်းကြခုံကြပေါ့။”

အာဆီယံ လူထုအခြေပြု ညီလာခံက နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားတဲ့ ဒေါ်ရွှေရွှေစိန်လတ်ကိုလည်း ပြည်တွင်း ကိုယ်စားလှယ်တွေက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ အကယ်၍ ကိုယ်စားလှယ်အဖြစ် နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာရော၊ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အခါမှာရော မြန်မာနိုင်ငံ အခြေအနေကို အမှန်အတိုင်း တင်ပြဖို့ ပြည်ပကိုယ်စားလှယ်တွေက တောင်းဆိုမှုကြောင့် အခုလို နောက်ဆုတ်သွားတာလို့ သိရပါတယ်။

တချိန်တည်းမှာပဲ ထိုင်း NGO တွေက ဦးထူးချစ်ကို မြန်မာနိုင်ငံကိုယ်စား အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီလိုတင်သွင်းရတာဟာ မခင်ဥမ္မာကို အဆိုပြုရင် ပြီးခဲ့တဲ့နှစ်ကလို ကန့်ကွက်မှု ခံရမယ်လို့ အကြောင်းပြချက် ရှိပေမဲ့ မြန်မာ့အရေး လှုပ်ရှားတဲ့ ကိုယ်စားလှယ်တွေကတော့ မခင်ဥမ္မာကိုပဲ ဆက်လက် အမည်စာရင်း တင်သွင်းထားပါတယ်။ အစီအစဉ်အတိုင်းဆိုရင် ဒီညနေမှာ ကိုယ်စားလှယ်အမည်ကို အတည်ပြုရမှာ ဖြစ်ပေမဲ့ အာဆီယံ လူထုအခြေပြု ညီလာခံက ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ အတည်မပြုရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG