သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ကန့်သတ်မှုများ လျှော့ချမယ့် လက္ခဏာ မမြင်ရသေး


အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင်နိုင်ခွင့် ရှိတဲ့အကြောင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်တွေကို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အစိုးရက အရေးယူထားတဲ့ ပြစ်ဒဏ် သတ်မှတ်ချက်တွေကို လျှော့ပေးမယ့် အရိပ်အခြည်တော့ မတွေ့မိတဲ့အကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်ရုံးက ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ အာဆီယံ အစည်းအဝေး အတွင်းမှာ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို စဖြေပါတယ်။

“အမျိုးသား ရင်ကြားစေ့ရေးက လက်ရှိမှာ အရေးတကြီး လိုအပ်တယ်။ အဲဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်တယ်ဆိုရင် အမျိုးသား ရင်ကြားစေ့ရေးက ပြည်သူလူထု တကယ်အကျိုးရှိမယ့် ရင်ကြားစေ့ရေး ဖြစ်ပေါ်နိုင်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါကြောင့် ဒီပြောဆိုချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။”

အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင်ခွင့် ရှိကောင်းရှိနိုင်တယ်လို့ ပြောပေမဲ့လည်း လက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ဆိုတာမျိုးတွေ တိတိကျကျ မပြောသေးပါဘူးခင်ဗျ။ ဒီအပေါ်မှာရော NLD အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

“ကျနော်တို့ အဓိကထားတာက အမျိုးသား ရင်ကြားစေ့ရေးပါ။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကလည်း ဒိုင်ယာလော့ဂ် (Dialogue) နဲ့ သွားရမှာ။ ကျနော်တို့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ဒီလိုပါဝင်သွားရင် နောင်ဖြစ်စဉ်တွေ ကိစ္စဟာ လိုအပ်သလို Compromise လုပ်ရမယ်လို့ ကျနော်တို့ ဒီလိုပဲ နားလည်တယ်။ အသေးစိတ်အနေနဲ့ ဘယ်အချက် ဘာညာဆိုတာ လောလောဆယ်တော့ မပြောနိုင်ပါဘူး။”

အာဆီယံ အစည်းအဝေး အတွင်းမှာ လူအများ စိတ်ဝင်တစား ဖြစ်သွားခဲ့တာက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တဆင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူမှုတွေကို မြန်မာစစ်အစိုးရဘက်က လျှော့ကောင်း လျှော့နိုင်တယ်ပေါ့၊ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မူတည်ပြီးတော့လို့ ပြောပါတယ်။ ဒီလို လျှော့နိုင်တဲ့ အရိပ်အခြည်မျိုးကိုရော NLD အနေနဲ့ မြင်မိပါသလားခင်ဗျ။

“အခုပြောလိုက်တဲ့ စကားလုံး အသုံးအနှုန်းတွေ အားလုံးဟာ ကျနော်တို့အမြင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ၄၀၅ ထင်တယ်၊ လျှော့ပေါ့တဲ့အမိန့်မှာ ပါတဲ့ အယူအဆ၊ စကားလုံးတွေပဲလို့ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။”

ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျနော်တို့ သိသလောက် အချက် ၈ ချက် ပြန်ပြီး မေးခွန်းထုတ်ခဲ့တာ ရှိပါတယ်။ အဲဒါကို မြန်မာစစ်အစိုးရဘက်က ဖြေရှင်းပြီးခါမှ အန်ကယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခါနီးမှာ ဒီကိစ္စက ဖြေရှင်းစရာ မလိုတော့ဘူး၊ ဖြေရှင်းဖို့ မလိုတော့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖို့ မလိုတော့ဘူး၊ မလိုသေးဘူးလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ပြန်ပြီးတော့ အကြောင်းကြားတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ အဲဒီတော့ အကောင်းဘက်ကနေ မလိုသေးဘူး၊ မလိုတော့ဘူးလို့ ဖြစ်သွားတာလား၊ ဒါနဲ့ပတ်သက်လို့ တခုခု ရည်ရွယ်ချက် ရှိလို့ပါလား။

“ဒီဥစ္စာ အခုပြောသွားတာတွေ အားလုံးတော့ မှန်တယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ်မှာ စည်းကမ်းချက်အပေါ်မှာ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီး ကျနော့်ကို သက်ဆိုင်ရာ အာဏာပိုင်က ခေါ်ပြောတာက ကျနော်တို့ အကြောင်း ၂ ရပ်နဲ့ တွေ့ခွင့်တောင်းတာ။ တကြောင်းက ပြင်ဆင်မှုကိစ္စ၊ နောက်တကြောင်းက ဒီစည်းကမ်းချက်ကိစ္စ၊ အဲတော့ ခေါ်ပြောတာက ပြင်ဆင်မှုကိစ္စအတွက် တွေ့ခွင့်ပေးမယ်၊ စည်းကမ်းချက်ကိစ္စ မပါဘူး၊ ဒီလိုပြောတယ်။

“စည်းကမ်းချက်ကို မပြောနဲ့ဦးလို့ တားတာတို့၊ ဒီလိုလည်း မဟုတ်ဘူး။ သူတို့ပြောတဲ့ စကားလုံးအရဆိုရင် ပြင်ဆင်မှုအတွက် ဝင်ခွင့်ပေးမယ်။ ကျနော်က ၂ ကြောင်း ထည့်ထားတာကိုး၊ နောက်တကြောင်းက အဲဒီဟာ။ နောက်တကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောဘူး။ အဓိပ္ပာယ်ဖွင့်ရမယ် ဆိုရင်တော့ လောလောဆယ် စည်းကမ်းချက်ကိစ္စကို မပြောနဲ့ဦးဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။”

ဒီစည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြတာမျိုးတော့ မရှိသေးဘူးပေါ့။

“ရှင်းပြတယ်၊ ကျနော့်ကို ရှင်းပြတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြရမယ်။ အဲဒီကိစ္စအတွက် ထည့်ရေးတာ၊ ဒီကိစ္စ လောလောဆယ် မလိုသေးဘူးဆိုတဲ့ သဘောမျိုး အဲဒီလို ပြောလိုက်ပါတယ်။”

အခုဟာက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်ချက်ကို မြန်မာစစ်အစိုးရဘက်က လျှော့နိုင်၊ မလျှော့နိုင်ကို ကျနော်တို့က စဉ်းစားကြတဲ့ နေရာမျိုးမှာ အရင်တုန်းက နေအိမ်အကျယ်ချုပ် နေရတာနဲ့ အခုနောက်ပိုင်း နေအိမ်အကျယ်ချုပ်မှာ ပိုပြီးတော့ ကန့်သတ်ချက်တွေ ရှိလာတယ်ဆိုတဲ့ သတင်းမျိုးတောင် စောစောပိုင်းက ထွက်ခဲ့တာတွေ ရှိပါတယ်။ အဲတော့ အရင်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် အခုရော ကန့်သတ်ချက်တွေက ပိုပြီးတော့ တင်းကျပ်တဲ့ အနေအထားမျိုးမှာ တွေ့ရပါသလား။

“လုံခြုံရေး ဆောင်ရွက်ချက်တွေကတော့ ပိုမိုတင်းကျပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အခုလို တွေ့ဆုံခြင်း ကိစ္စမျိုးမှာတော့ အရင်တုန်းကလောက် တင်းကျပ်တယ်လို့ ပြောလို့မရဘူး။ အရင်တုန်းက နှစ်အကြာကြီး၊ အချိန်အကြာကြီး ဘယ်သူမှ တွေ့ခွင့်မရဘူး။ နောက်ပိုင်းကြတော့ ရှေ့နေ ဦးကြည်ဝင်းတယောက် တွေ့ခွင့်ရတယ်။ အခု ကျနော်တို့ ရှေ့နေ ၄ ယောက်တွေ့တဲ့အခါ တွေ့တယ်၊ ၂ ယောက် တွေ့တဲ့အခါ တွေ့တယ်။ ဒီလိုခွင့်ပြုချက် ပေးတယ်။

“ဒါကြောင့် နေထိုင်ခြင်းနဲ့ ပတ်သက်ရင်တော့ ပိုပြီးတော့ တင်းကျပ်တယ်လို့ ပြောလို့မရဘူး။ လုံခြုံရေးကတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ချတယ်လို့တော့ ကျနော်မြင်ပါတယ်။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဘန်ကောက်ရုံးက ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG