သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့တွေ့


မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ အဖွဲ့ဟာ ဒီကနေ့မှာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက် အခြား အတိုက်အခံ ခေါင်းဆောင်တွေကို ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေရဲ့ အမြင်သဘောထားကို တီးခေါက်မေးမြန်းတဲ့ တွေ့ဆုံမှုတွေလို့ ပြောနိုင်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာခရီးစဉ် ဒုတိယမြောက်နေ့မှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ အဖွဲ့ဟာ နေပြည်တော်မှာ ဒီမနက် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက် ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အင်းစိန်ထောင် တရားခွင် ပြီးကတည်းက ဆိုရင် ဒီတကြိမ်ဟာ အများပြည်သူမြင်ကွင်းမှာ ပထမဆုံး ပြန်မြင်တွေ့ရတာပါ။

ဒီနောက်တော့ အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ တိုင်းရင်းသား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၆ ဦးနဲ့ နေ့လယ် ၃နာရီ ခန့်မှာ အဖွဲ့ချုပ်ရုံးမှာပဲ တနာရီကျော်ကြာ တွေ့ဆုံပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အခုလို ရှင်းပြပါတယ်။

“ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်၊ အဓိက ဒီဟာကို ကျနော်တို့ ရှင်းပြတာပါ။ ရှင်းပြတဲ့အခါ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးရေး၊ ဒီတွေ့ဆုံ ဆွေးနွေးရေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဘာတို့ပေါ့၊ အဓိက ပါတယ်။ ဆွေးနွေးပွဲတွေကရတဲ့ ရလဒ်တွေအတိုင်း နိုင်ငံရေးလမ်းကြောင်းကို ရှေ့ဆက် ခရီးသွားဖို့ပါ။”

မစ္စတာ ကာ့တ် ကမ်းဘဲလ်တို့ဘက်ကရော ဘာများ တုံ့ပြန်ဆွေးနွေးမှု ရှိပါသလဲ။

“သူတို့က facts finding ဖြစ်တယ်၊ ဒါကလည်း first mission ဆိုတော့ သူတို့အနေနဲ့ ပြန်လည်ပြောကြားတာ သိပ်ပြီး မရှိပါဘူး။ အဓိကအားဖြင့်တော့ သူတို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတွေ တိုးတက်ဖို့နဲ့ မြန်မာ နိုင်ငံအတွင်းမှာ အချင်းချင်း တွေ့ဆုံဆွေးနွေးရေး dialogue ဖြစ်ဖို့ကို သူတို့ အဓိကထားပြီး ဆောင်ရွက်ဖို့လာတဲ့ အကြောင်း ပဲ ပြောပါတယ်။”

တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဘာရလဒ်တွေ ထွက်လာတယ်လို့ ယူဆလို့ရမလဲ။

“ဒါတွေက အခုအချိန်မှာတော့ သူတို့က အချက်အလက် စုဆောင်းပြီး ဘာဆက်လုပ်ရမလဲဆိုတာ ရှေ့ကို စဉ်းစားဖို့ပေါ့။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရဘူး၊ အဖွဲ့ချုပ် ခေါင်းဆောင်တွေကိုလည်း နေပြည်တော် ခေါ်တယ်၊ ကန့်သတ်ထားတဲ့ သူတို့ တွေ့ဆုံစေချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ တွေ့ဆုံ ရတယ်။ ဆိုလိုတာက CEC ထဲမှာ နောက်တိုးတဲ့ CEC ပေါ့၊ ဦးဝင်းတင်တို့ ဦးခင်မောင်ဆွေတို့ မပါဘူး။

“အခုအခါမှာတော့ ကျနော်တို့ရုံးခန်းကို လာတွေ့နိုင်တယ်။ အချိန်ရသလောက် တွေ့နိုင်တယ်၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း တွေ့ဆုံချင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်တယ်ဆိုတဲ့ ဒီအခြေအနေတွေကတော့ ထူးခြားတိုးတက်တဲ့ လက္ခဏာတွေပေါ့ဗျာ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ရော ဘာများ ပြောသေးလဲခင်ဗျ။

“အဲဒါတော့ ဘာမှမပြောဘူး။ အဓိက သူပြောသွားတာက ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ကျန်းမာရေး ကောင်းတယ်။ သူ တွေ့ဖူးသမျှ အသက် ၆၀ ကျော် အမျိုးသမီးတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က active အဖြစ်ဆုံးပဲလို့ သူက ပြောသွားတယ်။”

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဖျက်သိမ်းခံ တိုင်းရင်းသား နိုင်ငံရေးပါတီက ဦးအေးသာအောင်၊ ပူကျင့်ရှင်းထန်၊ နိုင်ထွန်းသိန်း၊ ဦးရွှေအုန်း အပါအဝင် ရန်ကုန်မှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။ ဖျက်သိမ်းခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက တော့ အမေရိကန်နဲ့ မြန်မာအစိုးရ ဆက်ဆံရေးအပြင် မြန်မာအစိုးရနဲ့ အတိုက်အခံတွေ အကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ ဆောင်ရွက်ဖို့ အမေရိကန် ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။ တွေ့ဆုံတဲ့အထဲမှာပါတဲ့ ဖျက်သိမ်းခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ပူကျင့်ရှင်းထန်က အခုလို ရှင်းပြပါတယ်။

“ဒါတွေကို ပြေလည်အောင် အရင်လုပ်ဖို့ လိုတယ်။ ဒီလို ဆွေးနွေးတိုင်ပင်တဲ့အခါမှာ NLD ပြောသလို ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတဲ့ဟာတွေကို ပြန်ပြီးပြုပြင်ဖို့၊ ပြန်ပြီး ဆွေးနွေးတိုင်ပင်ဖို့က အများကြီး လိုနေတယ်။ အဲဒါတွေ ကြည့်ပေးပါလို့ တင်ပြတာပါ။”

ကျနော်တို့ သိရသလောက် ဒီနေ့မနက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ရပါတယ်။ အန်ကယ် ဦးကျင့်ရှင်းထန် ဘယ်လို ယူဆပါသလဲ။ ဒီခရီးစဉ်က ရလဒ်ကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်ပါသလား။

“အဲဒါတော့ ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ ဒီလောက်ကြာကြာ တွေ့တာ၊ ဆွေးနွေးတာ မရှိတဲ့ကြားမှာ အခုလို ခပ်စိပ်စိပ်လေးလာပြီး ဒီလိုပဲ ဆွေးနွေးတယ်၊ ကျနော်တို့တောင်မှ အစိုးရကနေပြီး ပါတီ ဖျက်သိမ်းခံရတဲ့၊ ဒီလူတွေ ဘာမှ မဟုတ်ဘူးဆိုတဲ့ လူတွေတောင်မှ လာပြီး ဆွေးနွေးတယ်၊ လုပ်တယ်ဆိုရင် ကောင်းတဲ့ အလားအလာတော့ ရှိမယ်။ ခါတိုင်း ထက်တော့ ကောင်းလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ အားရတယ်။”

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ညနေ မပြန်ခင်မှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အခု ဒီကနေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာတော့ အပြန်အလှန် ဆွေးနွေးတာထက် ဒီခေါင်းဆောင် တွေ၊ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးသဘောထား အမြင်တွေကို တီးခေါက် မေးမြန်းတာ၊ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ သစ်ကို ရှင်းပြတာလောက်ပဲ ရှိပြီး၊ နောက်ပိုင်း ပိုပြီး ထိစပ် ဆက်ဆံသွားမယ့်သဘော တွေ့ရပါတယ်။ မစ္စတာ ကာ့တ် ကမ်းဘဲလ်နဲ့ အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ်မှာ သတင်းထောက်တွေကို နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အကြောင်း ရှင်းပြခဲ့ပြီး အခု မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG