သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်


အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ဘာလုပ်ရမယ်ဆိုပြီး အမိန့်ပေး ညွှန်ကြားတာမျိုးတွေ လုပ်မှာမဟုတ်သလို စည်းကမ်းသတ်မှတ်ချက်တွေ ပြဋ္ဌာန်းမထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် တိုက်တွန်းဖို့ ဒေသတွင်း နိုင်ငံတွေကို ပြောဆိုသွားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စင်ကာပူမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အေးပက် (APEC) အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာရေး စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ချမထားဘူးလို့ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ နေရာတွေမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ပေါ်ပေါက်လာတဲ့အထိ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုကိုတော့ ပြဋ္ဌာန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ တနိုင်ငံချင်းစီပဲဖြစ်ဖြစ်၊ အာဆီယံက တဆင့်ပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တိုက်တွန်းနားချဖို့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံတွင်း နိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေပေမဲ့လည်း ဒီကိစ္စက မြန်မာပြည် အတွင်းကသာ ဖြေရှင်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။” လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်လာဖို့အတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့လည်း တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

၁၉၆၂ ခုနှစ် ကတည်းက စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြောင်းလဲဖို့ ဒေသတွင်း နိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့ တုံ့ပြန် အရေးယူမှုတွေ လိုအပ်တဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် တွန်းအားပေးနေပေမဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းလမ်း မကျတဲ့ အချက်တွေကို ပြင်ဆင်ဖို့အတွက် အဓိက တောင်းဆိုနေတာပါ။

ဒါပေမဲ့လည်း နိုင်ငံတကာက ရွေးကောက်ပွဲ တရားမျှတရေးကိုသာ အဓိကထား ပြောနေတဲ့အတွက် NLD ရဲ့ တောင်းဆိုချက်ကို ပစ်ပယ်သလို ဖြစ်မနေဘူးလား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကို မေးကြည့်ပါတယ်။

“သူတို့ ဒီမှာ လာတုန်းကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့က စပြောသွားတာ မရှိပါဘူး။ ကျနော်တို့ ယူဆတာကတော့ အခြေခံဥပဒေ ပြင်ဆင်ခွင့် မပါဘဲနဲ့ ရွေးကောက်ပွဲတွေကို ဝင်ဖို့ဆိုတာဟာ အတော်ကြီးကို စဉ်းစားရမဲ့ အနေအထား၊ အနိုင်ရပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲတခုကို သွားဖို့နေရာမှာ ပြီးခဲ့တဲ့၊ အနိုင်ရခဲ့တဲ့ ရလဒ်ကို ချန်ထားပြီး သွားမယ်ဆိုရင် ပြည်သူလူထုကို စော်ကားရာ ရောက်မယ်။

“ရွေးကောက်ပွဲ နိုင်မထားတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ရွေးကောက်ပွဲကို ဝင်သွားလို့ ရပါတယ်။ ကျနော်တို့ ပါတီလို အနိုင်ရထားတဲ့ ပါတီမျိုးဟာ ဒီလိုသာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီးတော့ သွားမယ်ဆိုရင် ပြည်သူ့ဆန္ဒကို မလေးစားရာ ရောက်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုအနေနဲ့ ရှေ့အလားအလာ မကောင်းပါဘူး။

“ဒါကြောင့် ကျနော်တို့က ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ အဆုံးသတ်ပေးဖို့၊ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်။ ထို့နည်းတူစွာပဲ အခြေခံဥပဒေကို ပြင်ပေးဖို့ တောင်းဆိုတာဟာလည်း ဒီမိုကရေစီ ထွက်ပေါက်ကို ထွက်နိုင်အောင်လို့သာ တောင်းဆိုနေတာ ဖြစ်ပါတယ်။

“သို့သော်လည်း အမေရိကန် အစိုးရ အနေနဲ့ ဒီမှာလာပြီးတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင်သာလျှင် သူတို့က အားပေးထောက်ခံတာ ဖြစ်ပြီး အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာမယ်ဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုတွေကို ကိုယ့်ဘာသာ ဆွေးနွေးပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အားလုံးသော နိုင်ငံရေး ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြဖို့ ဖြစ်တယ်ဆိုတဲ့ သဘောထား ရှိတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။

“ဒါကြောင့် လောလောဆယ်မှာတော့ သူတို့က ဝင်ရောက်ပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ သူတို့က သူတို့ကိုယ်တိုင် တောင်းဆိုခြင်း မရှိတာလို့ပဲ ယူဆရပါလိမ့်မယ်။”

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ တရားမျှတရေးအတွက် စစ်အစိုးရကို တိုက်တွန်းပေးဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောဆိုလိုက်တဲ့ အချိန်ဟာ လာမယ့် တနင်္ဂနွေနေ့ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ တွေ့ဆုံတဲ့ အချိန်မှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ နိုင်ငံတွေက မြန်မာစစ်အစိုးရကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တိုက်တွန်းပြောဆိုဦးမှာ ဖြစ်တဲ့အကြောင်း AP သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG