သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်


အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) ဟာ အမေရိကန်နိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိနေပြီး ဒီခရီးစဉ် အတွင်းမှာ အာဖဂန်စစ်ပွဲ၊ ပါကစ္စတန်နိုင်ငံက အစွန်းရောက်မှုတွေနဲ့ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား အရပ်ဘက်သုံး နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ အမေရိကန် စီးပွားရေးလုပ်ငန်း ဦးဆောင်သူတွေနဲ့လည်း တနင်္လာနေ့က တွေ့ဆုံ စကားပြောဆိုခဲ့ပါတယ်။

အရပ်ဘက်သုံး နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့အတွက် အိန္ဒိယနဲ့ အမေရိကန်တို့ဟာ အသေးစိတ် အချက်အလက်တွေကို သဘောတူညီချက်ရဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမား (Obama) နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ဟာ အင်္ဂါနေ့ကြရင် အိမ်ဖြူတော်မှာ တွေ့ဆုံသွားဖို့ ရှိပါတယ်။ ဒါဟာ အိုဘားမားရဲ့ သမ္မတ သက်တမ်းအတွင်း နိုင်ငံ့ခေါင်းဆောင်တဦးရဲ့ ပထမဆုံးအကြိမ် တရားဝင် နိုင်ငံတော်ခရီးစဉ် ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နယူးဒေလီမြို့မှာ ဆွေးနွေးခဲ့ကြသလို အာဖဂန်စစ်ပွဲဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံကို မတည်မငြိမ် ဖြစ်စေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။

အစ္စလမ် အစွန်းရောက်တွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့အတွက် ပါကစ္စတန် အစိုးရကို ဖိအားပေးတာတွေ လုပ်ဖို့ အမေရိကန် အစိုးရကို တောင်းဆိုသွားမယ်လို့လည်း မစ္စတာဆင်းက ပြောပါတယ်။

အရပ်ဘက်သုံး နျူကလီးယား နည်းပညာတွေကို ပိုပြီး လွှဲပြောင်းပေးဖို့နဲ့ သန့်စင်တဲ့ လောင်စာစွမ်းအင်ကို ရရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သွားဖို့ အမေရိကန် ခေါင်းဆောင်တွေကို စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG