သုံးရလွယ်ကူစေသည့် Link များ

ဒူဘိုင်းကြွေးမြီဆပ်ဖို့ သန်း ၁၀,၀၀၀ အထောက်အပံ့ရ


အရှေ့အလယ်ပိုင်း ဒေသမှာ ရှိတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှာ အကြွေးတင်နေတဲ့ ဒူဘိုင်းပြည်နယ်အတွက် ငွေကြေးအကူအညီတွေ နောက်ဆုံးအချိန်လေးမှာ ကပ်ပြီး ရလိုက်တဲ့အတွက် ကမ္ဘာတဝန်းမှာ ရှိကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့သွားစေခဲ့ရပါတယ်။

UAE ထဲကပဲ အဘူဒါဘီက ဒူဘိုင်းအတွက် ဒေါ်လာသန်းပေါင်း ၁၀,၀၀၀ ငွေကြေးအကူအညီ ဒီကနေ့မှာ ပေးလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အကြွေးတွေ နင့်နေတဲ့ အစိုးရပိုင် Dubai World ကော်ပိုရေးရှင်း လုပ်ငန်းအဖွဲ့ကြီးက အကြွေး သန်းပေါင်း ၃,၅၀၀ ကို ပြန်ပေးရမယ့် ဒီနေ့မှာပဲ အဘူဒါဘီက ငွေကြေးအကူအညီ ပေးတဲ့သတင်း ထွက်လာတာ ဖြစ်ပါတယ်။

တင်နေတဲ့ အကြွေး သန်းပေါင်း ၆၀,၀၀၀ နီးပါးကို အချိန်မီ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလို့ Dubai World က ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပြီးတဲ့ နောက်မှာ ကမ္ဘာတဝန်းမှာရှိတဲ့ စတော့ခ် (Stock) ဈေးတွေ ထိုးကျခဲ့ပါတယ်။

တကယ်လို့သာ အကြွေးပြန်ပေးဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ဒီနေ့မှာသာ Dubai World က မပေးနိုင်ရင် ကမ္ဘာ့စီးပွားရေးမှာ နောက်ထပ် ဂယက်တွေ ရိုက်ခတ်လာမှာကို လေ့လာသုံးသပ်သူတွေက စိုးရိမ်နေခဲ့ကြတာပါ။

အဘူဒါဘီကပေးတဲ့ ငွေကြေးအကူအညီတွေကို ဒီကနေ့ ပြန်ဆပ်ရမယ့် အကြွေးတွေကို ပြန်ပေးမှာ ဖြစ်သလို တခြားကျန်နေတဲ့ အကြွေးတွေကိုလည်း ပေးမယ်လို့ ဒူဘိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG