သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မှာ မြန်မာအလုပ်သမား ၆၀၀ ခန့် လုပ်ငန်းခွင်တွင်း ဒုက္ခကြုံတွေ့


ဂျော်ဒန်နိုင်ငံ Century Miracle Jordan (CMJ) အထည်စက်ရုံ ကုမ္ပဏီမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေအကြား မနေ့က ပဋိပက္ခ ဖြစ်ခဲ့ကြပြီး ကုမ္ပဏီ တာဝန်ရှိသူတွေဘက်က မြန်မာအလုပ်သမားတွေကို ကုမ္ပဏီကို လျော်ကြေးပေးပြီး မြန်မာပြည်ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ အနေနဲ့ အတော်လေး အခက်အခဲ ဖြစ်နေပါတယ်။

ဒီCMJ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ကြားကနေ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံခြား အလုပ်ရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီ တာဝန်ရှိသူ တဦးကလည်း ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ဂျော်ဒန်နိုင်ငံကို သွားရောက်နေပြီလို့ ဆိုပါတယ်။ အခြေအနေ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

CMJ အဝတ်အထည် ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေအကြား မနေ့တုန်းက ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့ကြတာပါ။ ဒီပြဿနာမှာ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေဘက်က သံတုတ်တွေ အသုံးပြုခဲ့လို့ မြန်မာအလုပ်သမားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေ အနေနဲ့ ဒီကနေ့မှာ အလုပ်မဆင်းကြတော့ဘဲ ရန်ဖြစ်တဲ့အထဲမှာ ပါဝင်သူ ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၄ ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ မြန်မာအလုပ်သမား ကြီးကြပ်ရေးမှူးတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီမနက် ကျမတို့ကို အလုပ်ဆင်းဖို့ ညပိုင်းက ခေါ်ပြောတယ်။ ကျမတို့ ကလေးတွေကို လိုက်ပြောတယ်၊ အလုပ်ဆင်းရမယ်။ ဒါပေမဲ့ မဆင်းဘူးဆိုတာ ကျမတို့က သိတယ်။ သူတို့ခိုင်းတဲ့ ပုံစံအတိုင်း လိုက်ပြောပေးတယ်။ တခန်းဝင် တခန်းထွက် ကလေးတွေ အလုပ်ဆင်းဖို့။ ဒါပေမဲ့ တယောက်မှ မဆင်းဖြစ်ပါဘူး။ ဒီမနက်လည်းကျရော စူပါတွေအကုန်လုံး အစည်းအဝေးခန်းကို လာခဲ့ပါ၊ အစည်းအဝေး လုပ်စရာ ရှိပါတယ်ဆိုပြီးတော့ ကျမတို့ စူပါတွေကို ဦးဆောင်ပြီးခေါ်တယ်။

“ကျမတို့ အစည်းအဝေးခန်းကို သွားပြီးတော့ တင်ပြတယ်။ ဒီဘင်္ဂလားတွေကို အရေးယူပေးပါလို့။ ကျမတို့ကလေးတွေ အလုပ်မဆင်းဘူးလို့ မပြောဘူး၊ ပြန်မယ်လို့လည်း မပြောဘူး၊ ပြဿနာရှာတဲ့ ၄ ယောက်ကို ပေးပြန်ရင် ကျမတို့ ဗမာပြည်သားတွေ အကုန် အလုပ်ဆင်းမယ်။ အဲတော့ လူကြီးက ပြောတယ်၊ ပေးမပြန်နိုင်ဘူးတဲ့၊ နင်တို့ဗမာက အရင်စရိုက်တာတဲ့။ ပြန်ချင်းပြန် နင်တို့က ပြန်ရမှာ။ ဘင်္ဂလားကို လုံး၀ ပေးမပြန်နိုင်ဘူးတဲ့။”

အဲဒီ CMJ အဝတ်အထည် ကုမ္ပဏီမှာ မြန်မာအလုပ်သမားပေါင်း ၆၀၀ ကျော် ရှိပါတယ်။ သူတို့တွေဟာ ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့အတွက် ၃ နှစ်စာချုပ် ချုပ်ထားရသူတွေပါ။ တကယ်လို့ ၃ နှစ်မပြည့်ခင် အလုပ်ထွက်ခဲ့ရင် ကုမ္ပဏီကို လျော်ကြေး ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကုမ္ပဏီ တာဝန်ရှိသူတွေဘက်က လျော်ကြေးပေးဆောင်ပြီး မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အလုပ်သမားတွေ အနေနဲ့ အခက်အခဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာ အလုပ်သမားတွေ နေထိုင်ရာ အဆောင် ၂ ဆောင်ဘက်မှာ လျှပ်စစ်မီး၊ ရေနဲ့ ဂက်စ်တွေ ဖြတ်တောက်တဲ့အပြင် အစားအသောက်ပါ ဖြတ်တောက်ခဲ့တယ်လို့လည်း မြန်မာအလုပ်သမား ကြီးကြပ်ရေးမှူးက အခုလို ဆက်ပြောပြပါတယ်။

“ဒီနေ့ဆိုရင် ကျမတို့ အဆောင် ၂ ဆောင်ရှိတယ်။ ရေတွေ မီးတွေ အကုန်ဖြတ်တယ်။ ထမင်းလည်း လာမပို့ဘူး။ မနေ့ကဆို ကျမတို့ကို ထမင်းလာပေးတယ်။ အခု ၁၂ နာရီ ကျော်သွားပြီ။ ကလေးတွေလည်း ဗိုက်ဆာလှပြီ။ ထမင်းမပေးဘူး။ ထမင်းမပေးလည်း ကိစ္စမရှိဘူး၊ ကျမတို့မှာရှိတဲ့ ပိုက်ဆံနဲ့ ချက်စားမယ်။ ဒါပေမဲ့ ဂက်စ်မရှိဘူး။ ကျမတို့ ဘာနဲ့ ချက်စားမလဲ။ ဂက်စ်တွေပါ အကုန်ဖြတ်လိုက်တယ်။

“ဂက်စ်တွေက ရှိတယ်။ မနက်ဦးပိုင်းက ကလေးတွေ ဆင်းချက်တာ တွေ့လိုက်တယ်။ နောက် သိလည်း သိရော ချက်ချင်း ဖြတ်ပစ်တယ်။ ကျမတို့မှာ ပိုက်ဆံရှိပေမဲ့ စားစရာမရှိဘူး။ ပြန်ဖို့ဆိုတာလည်း ကျမတို့မှာ လေယာဉ်လက်မှတ် ရှိတဲ့သူရှိတယ်၊ မရှိတဲ့သူ မရှိဘူး။ အများအားဖြင့် မရှိတာများတယ်။ မိဘတွေ ပို့နေတဲ့ ကလေးတွေ ရှိကြတယ်။ ပြန်မယ်ဆိုရင် ကျမတို့စရိတ်နဲ့ ကျမတို့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျမတို့မှာ ပိုက်ဆံမရှိဘူး။ လျော်ကြေးလည်း ကျမတို့က မပေးနိုင်ဘူး။ ဗမာပြည်သားတွေက တယောက်မှ မလုပ်တော့ဘူး၊ ပြန်တော့မှာ။ အဲဒါ ဗမာပြည်သားတွေရဲ့ ဆုံးဖြတ်ချက်။”

CMJ အဝတ်အထည်စက်ရုံက မြန်မာအလုပ်သမား ကြီးကြပ်ရေးမှူး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာတော်တော်များများ ဂျော်ဒန်နိုင်ငံက CMJ စက်ရုံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် စီစဉ်ပေးခဲ့တဲ့ အလုပ်အကိုင် ရှာဖွေပေးရေး အကျိုးဆောင်ကုမ္ပဏီ စည်းစိမ်သစ်က တာဝန်ရှိသူ ဦးအေးမြင့်ဟာ ဒီပြဿနာ ဖြေရှင်းဖို့အတွက် ဂျော်ဒန်နိုင်ငံကို သွားရောက်နေတယ်လို့ စည်းစိမ်သစ်ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောပြပါသေးတယ်။ စည်းစိမ်သစ်အနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ဒီပြဿနာ ပြေလည်အောင် အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ဆုံးဖြတ်ထားတယ်လို့လည်း အဲဒီဝန်ထမ်းက အခုလို ပြောပြပါတယ်။

“အလုပ်သမားပြဿနာ တခုတော့ ရှိတယ်။ ကျနော်တို့ ဖြေရှင်းပေးနေပါတယ်။ ကျနော်တို့ ဒါရိုက်တာအဖွဲ့က ရှင်းပေးနေတယ်ဆိုတာတော့ ကျနော်သိပါတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေရဲ့ ဆန္ဒ အကုန်လုံးကို လိုက်လျောပေးမယ်လို့ ပြောထားပါတယ်။”

ဂျော်ဒန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အလုပ်သမားတယောက် အနေနဲ့ အလုပ်ထွက်ပြီး ကိုယ့်နေရပ်ရင်း ပြန်မယ်ဆိုရင် အလုပ်ရှင်ရဲ့ သဘောတူညီချက် ရယူရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG