သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် အာရှခရီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နောက်သီတင်းပတ် အတွင်းမှာ အာရှ ၄ နိုင်ငံကို ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိပ်တန်း တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရှေ့သီတင်းပတ် အတွင်းမှာပဲ ဟာဝိုင်ယီကျွန်း၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတွေကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။

ရှေ့သီတင်းပတ် အင်္ဂါနေ့ ဟာဝိုင်ယီကျွန်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဟီလာရီ ကလင်တန်တို့ တွေ့ဆုံဖို့ ရှိပါတယ်။ အိုကီနာဝါကျွန်းက အမေရိကန် တပ်ဖွဲ့တွေကို နေရာပြောင်းရွှေ့ဖို့ကိစ္စ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုအကြား အချေအတင် ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အခုလို အာရှခရီးစဉ် သွားရောက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေကတော့ လုံခြုံရေးကိစ္စ တခုတည်း ဒီခရီးစဉ်အတွင်းမှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“သံတမန်ရေးအရ အမေရိကန် ပြည်ထောင်စုဘက်က အတိမ်းအစောင်းမခံဘဲ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နေရတဲ့ အခြေအနေတွေ၊ ဥပမာအားဖြင့် အီရန်နဲ့ မြန်မာနိုင်ငံအရေး၊ နောက် တခြားနိုင်ငံ အရေးကိစ္စတွေကိုလည်း ပြောဆိုဆွေးနွေးရဖို့ ရှိပါတယ်။ အကြောင်းအချက် တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုတာကို တွေ့ရမှာပါ။”

ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ လုံခြုံရေးကိစ္စ တချို့ကတော့ အဓိကထားပြီး ဦးစားပေး ပြောဆိုဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သြစတြေးလျနိုင်ငံကို သွာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း …

“သြစတြေးလျနိုင်ငံနဲ့ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးချင်ပါတယ်။ သြစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတို့ မြန်မာနိုင်ငံတို့နဲ့ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့လည်း သူတို့ကို ရှင်းပြချင်ပါတယ်။” လို့ မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံတကာကို ပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကို သံတမန်ရေးနဲ့ စစ်ရေးအရပါ နီးနီးကပ်ကပ် ပေါင်းစည်း လုပ်ကိုင်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပြီးနောက် အခုလို အာရှခရီးစဉ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အာရှခရီးစဉ်က အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ စစ်ရေး ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ သံတမန်ရေးအရ ချဉ်းကပ်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ့် ခရီးစဉ်တခုဆိုပြီး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG