သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းလားခေါင်းဆောင် လုပ်ကြံခံရ


တိုင်းရင်းသားနယ်မြေတခုဖြစ်ပြီး မိုင်းလားဒေသလို့ လူသိများကြတဲ့ ရှမ်းပြည်နယ် အထူးအုပ်ချုပ်ရေးဒေသ ၄ ရဲ့ အုပ်ချုပ်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ်ကို အမည်မသိ သေနတ်သမားတွေက ဒီနေ့မနက် အစောပိုင်းမှာ ပစ်ခတ်လုပ်ကြံခဲ့လို့ သေဆုံးသွားတဲ့အကြောင်း နီးစပ်သူ အသိုင်းအဝိုင်းတွေက ပြောကြပါတယ်။ သေဆုံးသွားသူ ဦးမင်းအိမ်ဟာ မြန်မာစစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ကိုယ်စားလှယ်တဦး ဖြစ်သလို အထူးဒေသ ၄ ကို ကိုယ်စားပြုပြီး စစ်အစိုးရနဲ့ ဆွေးနွေးနေသူတဦး ဖြစ်ပေမဲ့ သူ့ကို လုပ်ကြံမှုကိုတော့ ဘယ်သူတွေက လုပ်ခဲ့ကြတယ်ဆိုတာ သဲသဲကွဲကွဲ အခုချိန်ထိတော့ မရှိသေးပါဘူး။ အပြည့်အစုံကို ကိုရော်နီညိမ်းက တင်ပြပေးထားပါတယ်။

အထူးဒေသ ၄ အုပ်ချုပ်မှု ကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့် သတင်းစဉ်က ဦးခွန်ဆိုင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဦးမင်းအိမ် သို့မဟုတ် လင်ဟုမ်ရှန်း၊ အသက် ၅၈ နှစ်ပေါ့ဗျာ၊ ဒီနေ့မနက် သူ သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံရတယ်လို့ ထိုင်းနယ်စပ်ကရော တရုတ်နယ်စပ်ကရော ပြောလာတော့ ဒါ ခိုင်လုံတဲ့ သတင်းလို့ ယူဆပါတယ်။ အကြောင်းစုံကို မသိရသေးပါဘူး။ ထိုင်းနယ်စပ်ကပြောတဲ့ သတင်းကတော့ အခုအခြေအနေက အိမ်ပြင်မထွက်ရ အမိန့် ထုတ်ထားတယ်တဲ့။

“ပြီးတော့ ကျိုင်းတုံဘက်ကနေ မိုင်းလားဘက်ကို ဝင်မယ့် ကားတွေဆိုရင်တော့ ဝင်ခွင့်ပေးတယ်။ သို့သော် မိုင်းလားကနေ ကျိုင်းတုံဘက်၊ တာချီလိတ်ဘက် ထွက်မယ့် ကားတွေဆိုရင်တော့ ထွက်ခွင့်မပေးဘူး။ အဲလိုမျိုး ပြောပါတယ်။ အခုလောလောဆယ်တော့ လူသတ်သမားကို ပိုက်စိပ်တိုက် ရှာနေတယ်လို့ပဲ ယူဆရပါတယ်။”

မိုင်းလားဒေသဟာ ကျိုင်းတုံမြို့ရဲ့ မြောက်ဘက် မိုင် ၁၀၀ ကျော်မှာ ရှိနေတာကြောင့် အထူးဒေသ ၄ အုပ်ချုပ်ရေး ကော်မတီဟာ ကျိုင်းတုံမှာ ဌာနချုပ်ထားရှိတဲ့ တြိဂံတိုင်း စစ်ဌာနချုပ်နဲ့ အမြဲတမ်း ဆက်ဆံနေရတာ ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ်ဟာ တြိဂံတိုင်း မပေါ်ခင် အရင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတွေနဲ့ရော တြိဂံတိုင်း ပေါ်လာပြီး တိုင်းမှူးတွေနဲ့ရော ပြေပြေလည်လည် ဆက်ဆံနိုင်သူ ဖြစ်ပါတယ်။

အရင် တြိဂံတိုင်း တိုင်းမှူး၊ အခု ကာကွယ်ရေး ဝန်ကြီးဌာန အထူးစစ်ဆင်ရေး အဖွဲ့ ၂ ရဲ့ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဦးမင်းအိမ်ဟာ ရင်းနှီးကြသူတွေ ဖြစ်တယ်လို့လည်း တရုတ် မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုပါတယ်။ စစ်အစိုးရနဲ့ ဦးမင်းအိမ်ရဲ့ ဆက်ဆံရေးစွမ်းရည်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ဇောက အခုလိုပြောပါတယ်။

“သူကတော့ ဗမာရည်လည်း လည်တဲ့လူဖြစ်တယ်။ ရှမ်းတို့ အခါတို့ ပလောင်တို့ ရှိတဲ့ လူမျိုးစု ဒေသတွေထဲမှာ စာပေရေချိန်လည်း မြင့်တဲ့လူဆိုတော့ သူက အတော်များများ ဗမာအစိုးရနဲ့ ဆက်ဆံရတဲ့ ကိစ္စတွေမှာ တောက်လျှောက် သူ ဆက်ဆံတာ များပါတယ်။

“သူတို့မှာ နိုင်ငံခြား ဆက်သွယ်ရေး ဌာနကြီး ရှိသော်ငြားလည်း ဗမာအစိုးရကလာတဲ့ ဗိုလ်ရဲမြင့်နဲ့ပဲ ဖြစ်ဖြစ်၊ ဗိုလ်ခင်အောင်မြင့်နဲ့ပဲ ဖြစ်ဖြစ်၊ ဗိုလ်ကျော်ဆန်းနဲ့ပဲ ဖြစ်ဖြစ်၊ တိုင်းမှူးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ကစထမှူးတွေနဲ့ပဲ ဖြစ်ဖြစ် အများစုက သူနဲ့ ဥက္ကဋ္ဌ၊ ဒါမှမဟုတ် ဥက္ကဋ္ဌ မသွားနိုင်တဲ့အချိန်မှာ ဥက္ကဋ္ဌကိုယ်စား သူသွားပြီး တွေ့တာတွေရှိတယ်။ အမျိုးသား ညီလာခံ ကိုယ်စားလှယ်လည်း အမျိုးသား ညီလာခံ အစကနေ ဆုံးတဲ့အထိ ပါဝင်ခဲ့ရပါတယ်။”

လက်ရှိ မိုင်းလားဒေသရဲ့ နယ်မြေ အခြေအနေနဲ့ နယ်ခြားစောင့်တပ် အဖွဲ့အစည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့် သတင်းစဉ်က ဦးခွန်ဆိုင်းက …

“အခုလောလောဆယ် သူတို့နဲ့ ဝအဖွဲ့၊ SSA အဖွဲ့တို့ကတော့ နယ်မြေကို သူတို့က ဆက်လက် ထိန်းသိမ်းသွားမယ်။ နယ်ခြားစောင့်တပ် လုပ်မယ်ဆိုရင်လည်း သူတို့ လက်ခံမယ်။ သို့သော်လည်း နအဖဘက်က စစ်အရာရှိတွေက လာပြီး ပူးတွဲမယ်ဆိုရင် အထက်ပိုင်းမှာ လာပူးတွဲပါ။ အဲဒီမူအပေါ်မှာ ဆက်လက်ရပ်တည်နေတယ်ပေါ့။” လို့ ပြောပြခဲ့ပါတယ်။

ဦးမင်းအိမ်မှာ ဇနီးနဲ့ သမီး ၄ ဦးတို့ ကျန်ရစ်ခဲ့ပြီး ဦးမင်းအိမ်ရဲ့ ဘ၀ တစိတ်တပိုင်း အကြောင်းကိုတော့ ဦးအောင်ကျော်ဇောက ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“၁၉၇၅ ခုနှစ်လောက် ဗန်းမော်ကျောင်းသားအုပ်နဲ့ အတူ ကွန်မြူနစ်ပါတီရဲ့ အရှေ့မြောက် စစ်ဒေသခွဲဖြစ်တဲ့ မောက်ငူဒေသကို ရောက်ရှိလာတယ်။ ရောက်ရောက်ခြင်းပဲ တပ်မဟာ ၂ ရုံးရဲ့ ဆေးမှူးလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမင်းအိမ်က သူ ဆယ်တန်းအောင်ပြီးကာစမှာ Medical ကျောင်းကို သွားရတယ်။ သူက ဆေးစာအုပ်တွေလည်း ဖတ်နိုင်တယ်၊ တရုတ်စာလည်း ဖတ်နိုင်တယ်။ ဗန်းမော်မြို့သားဖြစ်ပြီး ဆေးကျောင်းသားဟောင်းပေါ့။ FRC ဖြစ်လို့ နောက်ဆုံး Art and Science ရောက်ပြီး မော်လမြိုင် တက္ကသိုလ် ရောက်တယ်။ နောက် အဲဒီကနေ တောထဲကို ပါလာတယ်။

“အဲဒီကနေ ကျနော်သိရသလောက် တပ်မဟာ ၂ ရဲ့ စစ်အကြံပေးဌာန ဒု-ဌာနမှူး ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ် မြောက်ပိုင်းဗျူရို အာဏာသိမ်းမှု ဖြစ်ပြီးနောက် သူ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ အထူးဒေသ ၄ ကို ရောက်ရှိလာတယ်။ အထူးဒေသ ၄ ရောက်ရောက်ချင်း ဥက္ကဋ္ဌ ဦးစိုင်းလင်းရဲ့ ကိုယ်ရေးအရာရှိ လုပ်တယ်။ အဲဒီကနေ ၉၃ သို့မဟုတ် ၉၄ နှစ်ဆန်းပိုင်းလောက်မှာ သူက အထွေထွေ အတွင်းရေးမှူး ရာထူး စပြီး တာဝန်ယူခဲ့တာ ယနေ့အထိပါပဲ။”

ဦးမင်းအိမ် အခုလို လုပ်ကြံခံရမှုဟာ အထူးဒေသ ၄ အတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက အခုလို ဆိုပါတယ်။

“ဦးစိုင်းလင်းနဲ့ သူတို့ ၂ ယောက် နိုင်ငံရေးအရ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဗမာအစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ နည်းနာရှာပြီး တဘက်အစွန်းမထွက်အောင်၊ ပြေပြေလည်လည်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ လူကြီးတွေလို့ ယူဆရတယ်။ သူလိုလူမျိုး အထူးဒေသ ၄ ရဲ့ ဆုံးရှုံးမှုက အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဒီလို ခေါင်းဆောင်တယောက် ဆုံးရှုံးတာဟာ ဒေသအတွက် အကျိုးမရှိပါဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG