သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မိန့်ခွန်းထဲမှ အီဒီယံ အသုံးအနှုန်းများ (၂)


ဇန်နဝါရီလ (၂၇) ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး ဘာရက် အိုဘားမား (Barack Obama) က သူရဲ့ သမ္မတသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံနဲ့ လွှတ်တော်နှစ်ရပ် (Senate and Congress) တို့ကို နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of Union Address) ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အီဒီယံအသုံးပေါင်း (၂၀) ကျော် ထည့်သွင်းပြောဆိုသွားတာကို တွေ့ရှိရပါတယ်။ အဲဒီ အီဒီယံအသုံးအနှုန်းများထဲမှ ဒီတပတ်တင်ပြပေးချင်တဲ့ အီဒီယံအသုံးအနှုန်းများမှာ horse-trading, tightening (the) belt နဲ့ cash-strapped တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ Horse-trading ဖြစ်ပါတယ်။ Horse က မြင်း၊ Trading က Trade ဆိုတဲ့ အရောင်းအဝယ် အဓိပ္ပါယ်ရတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြင်းအရောင်းအဝယ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက မြင်းအရောင်းအဝယ်က ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ မြင်းကုန်သည်တွေဟာ ကိုယ့်မြင်းအရောင်း ထွက်ရလေအောင်၊ အရောင်းစွံရလေအောင် ညာလုံး၊ လိမ့်လုံးတွေနဲ့ ရောင်းချတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အရောင်းအဝယ် အပေးအယူ စတာတွေကို ပြုလုပ်ရာမှာ တဖက်က ဈေးဆစ်တာကို ဈေးတည့်အောင် ပါးပါးနှပ်နှပ်နဲ့ ညစ်ယူပြီးတော့ ရောင်းချတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ မြင်းအရောင်းအဝယ် horse-trade ဆိုတဲ့စကားလုံးဟာ နိုင်ငံရေးလောကမှာ အသုံးပြုလာတဲ့အခါမှာတော့ အပေးအယူညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ ကိုယ်ကလည်း ကိုယ်ဘက်သာအောင် သူကလည်း သူဘက်သာအောင် အကြိတ်အနယ် ညှိနှိုင်းပြောဆိုကြတာတွေကို ရည်ညွှန်းပြောဆိုလာကြပါတယ်။ ဒါကြောင့် horse-trading အီဒီယံအသုံး အဓိပ္ပါယ်ကတော့ အပေးအယူပြုလုပ်ရာမှာ တဘက်နဲ့တဘက် အကြိတ်အနယ် ကိုယ်ဘက်သူဘက် အသာရအောင် ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား သူရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“I know that with all the lobbying and horse-trading, the process left most Americans wondering, "What's in it for me?”

“ဒီအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လိုက်လံစည်းရုံးမှုတွေ အပေးအယူ ညှိနှိုင်းမှုတွေကို အကြိတ်အနယ် သူနိုင်ကိုယ်နိုင် အပေးအယူပြုလုပ်ခဲ့ကြတာတွေကို မြင်တွေ့ခဲ့ကြရပြီးနောက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့အတွက် ဘာကျန်ပါသေးလဲလို့ မေးခွန်းထုတ်ကြမှာ ဖြစ်တယ်ဆိုတာကို ကျနော်သိပါတယ်။”


နောက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ tightening (the) belt ဖြစ်ပါတယ်။ Tightening က tight အခြေခံဝေါဟာရက ဆင်းသက်လာပြီး အဓိပ္ပါယ်ကတော့ ကြပ် (တင်း) တာ ဖြစ်ပါတယ်။ Tightening က ကြိယာဖြစ်ပြီး ကြပ်အောင်ပြုလုပ်သည် ဖြစ်ပါတယ်။ Belt က ခါးပတ် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခါးပတ်ကို ကြပ်အောင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ခါးပတ်ကိုကြပ်အောင် ပြုလုပ်တယ်ဆိုတော့ ဘယ်လိုအနေအထားမျိုးမှာ ခါးပတ်က ချောင်လာသလဲလို့ မေးစရာရှိပါတယ်။ ကျမတို့ မြန်မာမှာ တဝမ်းတခါးဆိုတဲ့ စကားသဘောလို ဝမ်းချောင်ရင် ခါးကလည်း လိုက်ချောင်တယ်။ ခါးချောင်ရင် ခါးပတ်ကလည်း လိုက်ချောင်တယ်။ ခါးကဘယ်အချိန်မှာ ချောင်သလဲဆိုတော့ စီးပွားရေးကြပ်တည်း၊ စားဝတ်နေရေး မပြေလည်တဲ့အချိန်အခါမှာ လူကပိန်သွားတယ်။ စီးပွားရေး မပြေလည်ဘူးဆိုရင် လူက အသုံးစရိတ် လျှော့ကြရတာ ဓမ္မတာဖြစ်တာမို့ ဒီနေရာမှာ tightening the belt က လျှော့သုံးလျှော့စား၊ အသုံးစရိတ်ကို ခြိုးခြံချွေတာခြင်းကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား မိန့်ခွန်းထဲက ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“But families across the country are tightening their belts and making tough decisions.”

“နိုင်ငံတဝှမ်းမှာ မိသားစုတွေဟာ အသုံးစရိတ်တွေကို ခြိုးခြံချွေတာနေကြရတယ်၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချနေရတယ်။”


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ cash-strapped ဖြစ်ပါတယ်။ cash က ငွေကြေး၊ strapped က strap ဝေါဟာရက ဆင်းသက်လာပြီး နာမ်စားအဖြစ်သုံးရင် သားရေကြိုး၊ သားရေပြားငယ် ဖြစ်ပြီး၊ ကြိယာအဖြစ်သုံးရင်တော့ သားရေကြိုး၊ သားရေပြား တို့နဲ့ ပတ်ထားတာကို ဆိုလိုပါတယ်။ ဒါကြောင့် cash-strapped ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေကြပ်နေတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရေးကြေးရေး ကြပ်တည်းတာ၊ ငွေမချောင်မလည် ဖြစ်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတာကို လေ့လာကြည့်ရအောင်ပါ။

“Like any cash-strapped family, we will work within a budget to invest in what we need”

“ငွေရေးကြေးရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေနည်းတူ ကျနော်တို့ကလည်း ဖြစ်နိုင်တဲ့ ဘတ်ဂျက်အသုံးစရိတ် အတိုင်းအတာအတွင်းမှာဘဲ လိုအပ်တဲ့အပေါ်မှာ ရင်းနှီမြုပ်နှံသွားပါမယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG