သုံးရလွယ်ကူစေသည့် Link များ

ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စ မြန်မာပြည်ထဲရေးဝန်ကြီး ဘန်ကောက်မြို့မှာရှင်းပြ


မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်ကို လာရောက်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်တာနဲ့ပတ်သက်ပြီး ဒီကနေ့မနက်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီလိုရှင်းလင်းရာမှာ နယ်စပ်ဂိတ်မြို့တွေမှာ တရက်ကို ယာယီနိုင်ငံကူး လက်မှတ် ၁,၀၀၀ အထိ တိုးမြှင့်လုပ်ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာပဲ ယာယီလက်မှတ်တွေ လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံက နောက်ဆုံး သတ်မှတ်ထားတဲ့ရက်က ရောက်လာတော့မှာပါ။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်ဦးဟာ ဒီမနက်မှာ မဟာချိုင် မြို့တော်ဝန်ရုံးကို လာရောက်ပြီး ထိုင်း အလုပ်သမားဝန်ကြီးဌာနဲ့ အခြား ဌာနဆိုင်ရာအရာရှိတွေ၊ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်တာနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မောင်ဦး ယာယီနိုင်ငံကူးလက်မှတ်တွေကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ စီစဉ်ထားကြောင်း ပြောဆိုခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့သူတယောက်က အခုလို ပြန်လည် ပြောပြပါတယ်။

"အဓိက ဆွေးနွေးတာကတော့ အလုပ်သမားတွေရဲ့ ဗီဇာလုပ်တဲ့ကိစ္စပဲပေါ့လေ။ အခုဆိုရင် နေရာဒေသတခုခုမှာ ကော့သောင်းပဲဖြစ်ဖြစ်၊ မြ၀တီပဲဖြစ်ဖြစ်၊ မယ်ဆိုင်ပဲဖြစ်ဖြစ်ပေါ့။ တနေ့ကို ၂၀၀၊ ၃၀၀ လောက်နဲ့ပဲ သွားနေတဲ့ဟာကို သူတို့က တနေ့ကို နေရာတခုကို ၁,၀၀၀ အထိ သတ်မှတ်ထားတယ်ပေါ့။ အဲဒါကို အကောင်အထည်ဖော်ဖို့ အကြောင်း တွေရယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ပက်စ်ပို့စ် လုပ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးခြင်းတို့ ကောက်ခံခြင်းတို့၊ အဟန့်အတားပြုတာတို့၊ နှောက်ယှက်တာတို့၊ စစ်ဆေးမေးမြန်းတာတို့ မရှိဘူးဆိုတဲ့ အကြောင်းပေါ့နော်။ အဲဒါတွေကို အဓိကထားပြီး ရှင်းပြသွားတာပေါ့။"

ဒါ့အပြင် ဗိုလ်ချုပ်မောင်ဦးက ထိုင်းနိုင်ငံဘက်က ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာကို မြန်မြန်ဆန်ဆန် ပြုလုပ်ပေးဖို့အတွက် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနကို ပန်ကြားခဲ့သလို လာမယ့် ဧပြီလမှာဆို ရနောင်းမြို့မှာ မြန်မာနိုင်ငံက ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေးဌာနတခု လာရောက်ဖွင့်လှစ် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ထဲရေးဝန်ကြီးက မဟာချိုင်ဒေသအတွင်းက ရပ်ကွက်တချို့ကိုလည်း လှည့်လည်ကြည့်ရှုပြီး မြန်မာအလုပ်သမား တချို့နဲ့ တွေ့ဆုံမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ မဟာချိုင်မှာနေထိုင်တဲ့ မြန်မာအမျိုးသမီး တယောက်က ပြောပါတယ်။

"ဟိုဘက်ခြမ်းမှာကျတော့ မေးတယ်။ ရှမ်း ဆိုဒ်မှာကျတော့ ဗမာတွေရှိတာပေါ့နော်။ သူက မေးတာကတော့ အခုလို ဗီဇာတွေ ဘာတွေ လုပ်ပြီးပြီလား၊ လုပ်ပြီးလို့ရှိရင် အခုက ပုလိပ်ကြေးတွေ ဘာတွေ ယူသေးလား၊ ဘယ်လောက်ယူလဲ။ အပေါ်က ယူလား၊ အောက်က ယူလား အဲဒါတွေ မေးကြည့်တယ်တဲ့။"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်ဟာ အာဏာပိုင်တွေဘက်က ယာယီမှတ်ပုံတင် ပြုလုပ်သူတွေကို အဖမ်းအဆီး အနှောက်အယှက်တွေနဲ့ အခွန်အကောက် ကောက်ယူတာတွေ မရှိကြောင်းကို သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့ဖူးပါတယ်။

မြန်မာ့အလုပ်သမားရေးကို ဆောင်ရွက်နေတဲ့ TACDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီက ဦးမြင့်ဝေ ကတော့ အခုလို အာမခံတာထက် တရားဝင် ဥပဒေတွေကို ကြေညာချက်ထုတ်ပြန်တာက ပိုမိုထိရောက်မယ်လို့ သုံးသပ်ပါတယ်။

"အခုလို နိုင်ငံသားစိစစ်မှုတွေ လုပ်ပြီးတော့ အလုပ်လုပ်တဲ့အလုပ်သမားတွေသည် မြန်မာပြည်ရဲ့ အလုပ်သမားဥပဒေ ဘယ်အပိုဒ်၊ ဘယ်ဥပဒေ ပြဌာန်းချက် ဘယ်နေ့ နေ့စွဲတွေအရ သူတို့သည် အခွန်ဆောင်စရာ လုံးဝ အကျုံးမ၀င်ပါကြောင်း ဆိုတဲ့ ဥပဒေအချက်အလက်ကို ပြသင့်တယ်။ ဒေသဆိုင်ရာဝန်ထမ်း အဆင့်ဆင့်က အခွန်ဆောင်ခိုင်းတာမျိုး၊ အလှူငွေ ထည့်ခိုင်းတာမျိုး လုပ်လာခဲ့ရင် မြန်မာနိုင်ငံရဲ့ ရာဇ၀တ်မှုဥပဒေ အပိုဒ်ဘယ်လောက်၊ ပြည်ထဲရေးပုဒ်မ ဘယ်လောက်၊ အဲဒီလို ဥပဒေ ပုဒ်မထဲကနေပြီးတော့ အချက်အလက်ကိုပေးရင် ပိုကောင်းမယ်။ ဒါမှသာလည်း ပိုက်ဆံလာတောင်းမယ်၊ အနိုင်ကျင့် ဖမ်းဆီးမယ်၊ အခွန်ကောက်မယ် ဆိုရင် ဥပဒေဘောင်ထဲကနေ စကားပြောခွင့်၊ ဥပဒေက တိတိကျကျ သတ်မှတ်ပေး တာမျိုး ပေးရင် ဗိုလ်ချုပ်မောင်ဦးလည်း လာစရာမလိုပါဘူး။ မြန်မာပြည်ကနေ ကြေညာပေးရင်တောင် ရပါတယ်။ လူတွေက ယုံကြည်ပြီးတော့ ဒါ အလုပ်လုပ်လို့ ရပါတယ်။"

ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ၂ နှစ် နေထိုင်ခွင့်ပြုမယ့် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်တာကို လွန်ခဲ့တဲ့နှစ် ဇူလိုင်လက စတင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလို ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ဖို့ အတွက် နှောင့်နှေးကြန့်ကြာနေတာကြောင့် ထိုင်းအစိုးရက ကိုယ်ရေး အချက်အလက် စာရင်းပေးသွင်းဖို့ကို ဒီလ ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြုလုပ်ဖို့ သတ်မှတ်ခဲ့ပြီး အဲ့ဒီလို စာရင်း မသွင်း သူတွေကို ဖမ်းဆီးပြန်ပို့မယ်လို့ ကြေညာထားပါတယ်။

ယမန်နေ့ကတော့ ကြားမှာ ရုံးပိတ်ရက်ခံနေတာကြောင့် ဒီလ ၂၈ ရက်နေ့အစား နောက်လ ၂ ရက်နေ့အထိ တိုးမြှင့် ပေးကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးတဲ့သတင်းတွေ အရတော့ ဒီလို စာရင်းသွင်းတာကို မတ်လ အကုန်ထိ တိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမား မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၁ သန်းကျော် ရှိနေပြီး ဒီလ ၁၂ ရက်နေ့အထိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးသူကတော့ ၃ သောင်းကျော်လောက်သာ ရှိပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG