သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကနေဒါ ဆက်ကူညီသွားမည်


မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ထိုးစစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနယ်စပ် တလျှောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ၊ မြန်မာနိုင်ငံတွင်းမှာပဲ တောတောင်တွေထဲမှာ လှည့်လည် ပုန်းအောင်းနေကြရသူတွေအတွက် အကူအညီတွေ တိုးမြှင့်ပြီး ဆက်ပေးသွားမယ်လို့ ကနေဒါအစိုးရက ကြေညာ လိုက်ပါ တယ်။ ဒီလို အကူအညီတွေ တိုးပြီး ဆက်ပေးသွားမယ့်အကြောင်းကို ကနေဒါနိုင်ငံမှာ မတ်လ ၆ ရက်၊ စနေနေ့က စတင် ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ ကနေဒါလွှတ်တော် ကိုယ်စားလှယ်တယောက်က ကနေဒါအစိုးရ ကိုယ်စား လာရောက် ကြေညာသွားတာပါ။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းပြီး အပြည့်အစုံကို တင်ပြထားပါတယ်။

မြန်မာနိုင်ငံနယ်စပ်ဒေသတလျှောက် လူမျိုးစုဒေသတွေမှာ အခြေအနေတွေ ဆက်ပြီး ဆိုးရွားနေတာရယ်၊ မြန်မာ စစ်တပ်က လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေအပေါ် အရှိန်မြှင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အခြေအနေတွေရယ်ကို ထောက်ပြပြီး ငါးနှစ်အတွင်း အကူအညီငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅ ဒဿမ ၉ သန်းအထိ ပေးသွားမယ့် အကြောင်း မတ်လ ၆ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (CIDA) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလပိုင်းတွေအတွင်း မြန်မာနိုင်ငံ လူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ အရှိန်မြှင့်ပြီး လုပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အချိန်မှာပဲ ကနေဒါအစိုးရက အကူအညီတွေ တိုးပေးမယ်ဆိုတဲ့သတင်း ထွက်လာတာဖြစ်ပါတယ်။ အခုလို အကူအညီတွေကို တိုးပြီး ဆက်ပေးသွားဖို့ ကနေဒါအစိုးရက ဆုံးဖြတ်လိုက်တာဟာ လက်ရှိ တိုက်ပွဲသတင်းတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ ထွက်ပြေးကြရတယ်ဆိုတဲ့ အခြေအနေတွေပေါ်မှာ မူတည် စဉ်းစားချက် အများကြီး ပါဝင်တယ်လို့ ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီ ENC ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးဟန်ရောင်ငွေက ပြောပါတယ်။

"ကနေဒါ အစိုးရက အခုလိုမျိုး နအဖ က တိုင်းရင်းသားတွေကို ဝင်တိုက်တော့ ဒုက္ခသည်တွေက ပိုများလာတယ်ဆိုတော့ သူတို့ကလည်း အဲဒါကို စိုးရိမ်တယ်။ ဒါဟာ လူထု ဒုက္ခရောက်ကုန်မယ်ဆိုပြီးတော့ သူတို့က တိုးတာ။ အဲဒီဟာလည်း ပါပါတယ်။"

CIDA အဖွဲ့ဟာ ကနေဒါနိုင်ငံ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ အဖွဲ့တခု ဖြစ်ပြီး အခု အကူအညီတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကနေဒါအဖွဲ့အစည်း တခုဖြစ်တဲ့ Inter Pares Canada အဖွဲ့က တဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Inter Pares Canada အဖွဲ့ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Thailand-Burma Border Consortium အဖွဲ့နဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း အပါအဝင် အဖွဲ့အစည်း အများအပြားကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းပါ။

ကနေဒါအစိုးရဟာ မြန်မာနိုင်ငံတွင်းအခြေအနေကို အထူးအာရုံစိုက်ပြီးတော့ အခုလို အကူအညီပေးဖို့ဆုံးဖြတ်တာ ဖြစ်တယ် လို့ ယူဆကြောင်း ကနေဒါနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ CFOB တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတင်မောင်ထူးက ပြောပါတယ်။

"အထူးတလည် အာရုံစိုက်ပြီးတော့ ကနေဒါအစိုးရက လုပ်ပေးတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကျနော်တို့ နိုင်ငံတိုင်းလိုလိုပေါ့။ ကနေဒါ အပါအဝင် ငွေရေးကြေးရေး အနုတ်လက္ခဏာ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ အစိုးရတွေက ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေမှာ တင်းကျပ်ပြီးတော့ ကန့်သတ်မှုတွေ၊ လျှော့ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာပြည်အတွက်ကို အထူးတလည် ထားပြီးတော့ အခုလို တိုးမြှင့်ပြီးတော့ ပေးတယ်ဆိုတာ တော်တော်လေးကို အားရစရာကောင်းတဲ့ အချက်တခုလို့ ကျနော် မြင်ပါတယ်။"

CIDA အဖွဲ့ကနေပေးအပ်မယ့် အခုအကူအညီတွေကို ဒုက္ခသည်တွေနဲ့ အိုးအိမ်ပစ် ထွက်ပြေးရသူတွေအတွက် စားရေရိက္ခာ ထောက်ပံ့မှုအစီအစဉ်၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်တွေကနေတဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း CIDA က အထောက်အပံ့ပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကနေ ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ တီဘီ အဆုတ်နာရောဂါနဲ့ ဆိုးရွားတဲ့ အာဟာရမပြည့်ဝမှုတွေ ခံစားနေရတဲ့ လူနာပေါင်း တသန်းနီးပါးကို ကုသပေးခဲ့တယ်လို့ CIDA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကနေဒါအစိုးရက ဆက်လက်ပြီး အထောက်အပံ့ပြုသွားတာနဲ့အတူ မြန်မာနိုင်ငံက ပြဿနာတွေအတွက် နိုင်ငံရေး အဖြေ တရပ် ရရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခုဒုက္ခရောက်နေတဲ့ ဒေသတွေက လူတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေ တည်ဆောက်ပေးရေးကို ဆက်လက်ပြီး အလေးအနက်ထား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမတိုင်ခင်မှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ရပ်ဆိုင်းထားရဖို့ ကနေဒါအစိုးရက လိုလားတဲ့အကြောင်း ဦးဟန်ရောင်ငွေ က ပြောပါတယ်။

"ကနေဒါအစိုးရအနေနဲ့ သူတို့ပြောလာတာက ဒီလိုလေ။ အခု နအဖကလည်း ရွေးကောက်ပွဲလုပ်မယ်မဟုတ်လား ဒီနှစ်မှာ။ ဆိုတော့ အဲဒီနေရာမှာ ပြောတာကလည်း ကနေဒါအနေနဲ့ လက်ခံနိုင်မယ်ဆိုရင်တော့ အရင်ဆုံး တိုက်ခိုက်နေတဲ့ကိစ္စကို ရပ်သင့်တယ်၊ အဲဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒါ အဓိပ္ပါယ်မရှိဘူး။ ဒါက ပထမအချက်၊ နောက်ထပ်ကတော့ ရွေးကောက်ပွဲကလည်း တိုင်းရင်းသား အပါအဝင် တခြား နိုင်ငံရေးပါတီတွေ အပါအဝင် လွတ်လွတ်လပ်လပ် ရွေးကောက် ခံရဖို့ သူတို့ကလည်း တိုက်တွန်းတာပေါ့။ မဟုတ်ရင်တော့ နအဖ လုပ်မယ့်ရွေးကောက်ပွဲကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကနေဒါကလည်း လက်ခံမှာမဟုတ်ဘူးဆိုတာ သူတို့ကတော့ ပြောပါတယ်။"

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလို သင့်လျော်တဲ့ အစိုးရဝန်ဆောင်မှုတွေ ထူထောင်နိုင် ပြီးတော့ မြန်မာနိုင်ငံတွင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ကြပြီဆိုရင် အခု အကူအညီပေး စီမံကိန်းကနေတဆင့် လေ့ကျင့်ပေးလိုက်တဲ့လူတွေဟာ အရပ်ဘက်နဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နိုင်မယ့် လိုအပ်တဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ရကြလိမ့်မယ်လို့ CIDA ရဲ့ ကြေညာချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG