သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ရွေးကောက်ပွဲဝင်ရေး အခက်အခဲတွေ့


မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ချိန်မှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် တွန့်ဆုတ်နေကြပါတယ်။ ဒါကလည်း ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး ပါတီတွေ အားလုံး ပါဝင်နိုင်လောက်တဲ့ နိုင်ငံရေး အခြေခံတွေ မရှိတာကြောင့်လို့ တိုင်းရင်းသား နိုင်ငံရေး အသိုင်းအဝန်းက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၄၄၃ အရ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်လိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးကို တောင်းဆိုထားတဲ့ နိုင်ငံရေး အင်အားစုတွေအတွက် လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့နဲ့ နိုင်ငံရေး ပါတီတွေကို မှတ်ပုံတင်ဖို့အတွက် ခက်ခဲနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်ခင် လိုအပ်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေရော ရွေးကောက်ပွဲကို ပါဝင်နိုင်တဲ့ အခင်းအကျင်းတွေကို ခင်းကျင်းဖို့ လိုပါတယ်။ အထူးသဖြင့်ပေါ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ နဝတ၊ နအဖက တရားဝင် ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း ကြေညာထားတယ်။

“အဲတော့ ဒီရွေးကောက်ပွဲ ရလဒ်တခုကို ဘယ်လိုမှ အကောင်အထည်လည်း မဖော်ဘူး၊ အသိအမှတ်လည်း မပြုဘဲနဲ့ ဒီလိုပဲ ထားခဲ့မှာလား။ ဒါ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာ မဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဒီလိုဟာတွေကို သုံးသပ်ဖို့၊ ပြင်ဆင်ဖို့ လိုပါတယ်။ အားလုံးဝင်နိုင်အောင်၊ NLD ရော၊ တိုင်းရင်းသား ပါတီတွေရော ဝင်နိုင်အောင် ကြိုတင်ပြီးတော့ ဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ ဒီလိုပဲ မြင်ပါတယ်။”

ဦးအေးသာအောင်ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရထားတဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ သူတို့ပါတီ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်တွေမှာ တပ်မတော်က ၂၅% ပါတဲ့အပြင် ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း သမ္မတက ခန့်မယ်ဆိုတော့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် ဘာမှ မရှိဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကလည်း ဘာမှ မည်မည်ရရ မရှိတဲ့ အတွက်ကြောင့် ဖွဲ့စည်းပုံ ပြင်ရေးသာ ကျနော်တို့ပါတီ အနေနဲ့ အဓိက ကျပါတယ်။

“အခုလို ကော်မရှင် ဥပဒေ၊ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာပေမဲ့လည်း ဒီဟာတွေထက် ကျနော်တို့ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်စေချင်တယ်။ ပြင်ပေးမှသာ ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမှာပါ။”

ဇိုမီး အမျိုးသားကွန်ဂရက်ရဲ့ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကလည်း အခြေခံဥပဒေကို မပြင်ဆင်ရင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ခက်ခဲမယ့်အကြောင်း အခုလို ပြောပါတယ်။

“အခြေခံဥပဒေကို ပြန်ပြင်ဖို့၊ Review လုပ်ဖို့ အခွင့်အရေး မပေးဘူးဆိုရင် ကျနော်တို့အတွက် နေရာမှ မရှိတာကြီး။ ဒီအခြေခံဥပဒေက စလို့ အားလုံး စစ်အုပ်ချုပ်ရေးပါတီ၊ စစ်အုပ်ချုပ်ရေးကို အားပေးတဲ့ လူတွေက လွဲလို့ မလှုပ်မရှားနိုင်အောင် ချည်ထားတဲ့ ဥပဒေပဲလို့ ကျနော်မြင်ပါတယ်။”

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေမှာ အရင်က တည်ရှိနေတဲ့ ပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံကို ထပ်မံ လျှောက်ထားရမယ်၊ မလျှောက်ထားရင် အလိုအလျောက် ပျက်ပြယ်ပြီးသားအဖြစ် မှတ်ယူရမယ်လို့ ပါရှိတာကြောင့် သူတို့ပါတီ အနေနဲ့ စဉ်းစားရ ခက်နေတယ်လို့ ပူကျင့်ရှင်းထန်က ဆက်ပြောပါတယ်။

“ပါတီဥပဒေက အခုမှ ထွက်တယ်လေ။ ထွက်တာနဲ့ ၂ လ အတောအတွင်းမှာ မှတ်ပုံတင်ရမယ် ပြောတယ်။ ဒါပေမဲ့ ကော်မရှင်တွေ မကြေညာသေးဘူး၊ ကော်မရှင်ရုံးလည်း မကြေညာသေးဘူးဆိုတော့ တော်တော်လေးကို စဉ်းစားရခက်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကတော့ သူတို့ပါတီရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို လောလောဆယ် ထောင်ထဲပို့ထားတယ်။ ပြန်လွတ်မလာသေးဘူး။ သူတို့တွေ မပါဘဲနဲ့တော့ ဘာမှ မစဉ်းစား၊ မဆုံးဖြတ်နိုင်သေးပါဘူး။ ရွေးကောက်ပွဲကိုလည်း မစဉ်းစားသေးဘူး။ ပါတီဖွဲ့ဖို့ အတွက်ကိုလည်း ကျနော်တို့ မစဉ်းစားသေးပါဘူး။ ကျနော်တို့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို မတွေ့ဆုံ၊ မဆွေးနွေးရဘဲနဲ့ ဘာတခုမှ ဆုံးဖြတ်ဦးမှာ မဟုတ်ပါဘူး။”

SNLD ပါတီဟာ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက် ဆွေးနွေးခွင့်ပေးဖို့ မြန်မာစစ်အစိုးရဆီကို စာတင် တောင်းဆိုထားပေမဲ့ အခုချိန်ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိခဲ့ပါဘူး။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီ ဖွဲ့စည်းတည်ထောင်ရာမှာနဲ့ ပါတီဝင်အဖြစ် စည်းရုံးရာမှာ ထောင်ကျခံနေရသူတွေ မပါရှိရဘူးလို့ ဖော်ပြထားတာကြောင့် SNLD ပါတီအပြင် လက်ရှိ တည်ထောင်ထားပြီးသား နိုင်ငံရေးပါတီတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ နယ်မြေလုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းတာနဲ့ ပယ်ဖျက်တာတွေကို ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားတာကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးတဲ့ အပစ်ရပ် တိုင်းရင်းသား နယ်မြေဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဟာ မရေမရာ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG