သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ကြောင်း ကျဉ်းလာမှု ဒေသတွင်းကို ထိခိုက်


မဲခေါင်မြစ် နိုင်ငံထဲက ဖြတ်သန်း စီးဆင်းတဲ့ အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံက ခေါင်းဆောင်တွေဟာ ကမ္ဘာ့အကြီးဆုံး မြစ်တစင်းဖြစ်တဲ့ မဲခေါင်မြစ် မြစ်ကြောင်း ကျဉ်းသွားတာကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရေး အစည်းအဝေး တရပ်ကို တနင်္လာနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား၊ လောနဲ့ ဗီယက်နမ်နိုင်ငံက ဝန်ကြီးချုပ်တွေဟာ မဲခေါင်မြစ် ကော်မရှင် (MRC) ရဲ့ ပထမအကြိမ် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ထိုင်းနိုင်ငံက ဝှာဟင်း အပန်းဖြေ စခန်းမြို့ကို ရောက်ရှိနေပါတယ်။ ဆွေးနွေးပွဲကို MRC ရဲ့ ညှိနှိုင်းမယ့် မိတ်ဖက်အဖြစ် တရုတ်နဲ့ မြန်မာနိုင်ငံကလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မဲခေါင်မြစ်နဲ့ သူ့ရဲ့ မြစ်လက်တက်တွေဟာ မိုးခေါင်ရေရှားမှုနဲ့ ကြုံရပြီး မြစ်ရေက နှစ်ပေါင်း ၅၀ အတွင်း အနည်းဆုံး ဖြစ်သွားတဲ့ အချိန်မှာ အခုလို ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပဖြစ်တာ ဖြစ်ပါတယ်။

မြစ်အောက်ပိုင်းမှာ ရေလိုအပ်တဲ့ ခြောက်သွေ့ရာသီ ကာလထဲမှာ မဲခေါင်မြစ် မြစ်ညာပိုင်းမှာ ဆည်တွေဆောက်ပြီး တာတမံတွေနဲ့ ရေကို လှောင်ထားတာကြောင့် မြစ်ကို ဒီလို ရေနည်းသွားစေတယ်လို့ တချို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက စွပ်စွဲပါတယ်။

ဒီလိုမျိုး တာတမံ တည်ဆောက်လို့ မြစ်ရေ နည်းသွားတယ်ဆိုတာ သိပ္ပံနည်းကျ အချက်အလက် မခိုင်လုံကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်တေယွန်က ဆင်ဟွာ သတင်းဌာနကို ပြောပါတယ်။

ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက တရုတ်ရဲ့ ရေကာတာတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ပိုပြီး မျှဝေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေသတွင်းမှာ လူပေါင်း သန်း ၆၀ ကျော်ဟာ စားနပ်ရိက္ခာ၊ ဆည်မြောင်းနဲ့ ကူးသန်းသွားလာရေးအတွက် မဲခေါင်မြစ်ကို အားကိုးနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG