သုံးရလွယ်ကူစေသည့် Link များ

ထိုင်းဆန္ဒပြပွဲ ဗုံးခွဲမှု လူ ၅ ဦး ဖမ်းဆီး


<!-- IMAGE -->

ထိုင်းနိုင်ငံမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုအတွက် အာဏာပိုင်တွေက လူ ၅ ဦးကို ဖမ်းဆီးထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ သူတို့ကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့ အချိန်ပိုင်း အတွင်းမှာပဲ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) က လုံခြုံရေး အရာရှိတွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဘန်ကောက်မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စတည်းချနေတဲ့ စခန်းနားမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့လို့ လူ ၃ ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြပါတယ်။

ဘန်ကောက်မြို့တော်ရဲ့ အစည်ကားဆုံး အရောင်းအ၀ယ်ဆိုင်တွေ ရှိတဲ့ ရပ်ကွက်၊ နယ်လှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ရပ်ကွက်မှာ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၇၀ ကျော်လည်း ဒဏ်ရာရသွားတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ လက်နက်ကိုင် တပ်သားတွေရော၊ ဆန္ဒပြသူ အဖွဲ့မျိုးစုံနဲ့ရော အပြည့်ဖြစ်နေခဲ့တာပါ။ ဆန္ဒပြသူတွေရဲ့ စခန်းတွင်းကနေ M-79 လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ထိုင်း ဒု-၀န်ကြီးချုပ် ဆူသက်ပ် ထောင်ဆူဘန် (Suthep Thaugsuban) က ရုပ်မြင်သံကြားက ပြောကြားသွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ ဖောက်ခွဲမှုတွေကို သူတို့လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်ကိုလည်း သီတင်းပတ် အတော်ကြာ စီးနင်း သိမ်းပိုက်ထားတာ ဖြစ်လို့ ထိုင်းအရပ်သားတွေရော၊ စီးပွားရေး လုပ်ငန်းရှင်တွေပါ စိတ်ပျက်နေကြပါပြီ။

အင်္ကျီအနီဝတ်တွေလို့ ခေါ်ဆိုတဲ့ ဆန္ဒပြသူတွေ မြို့ရဲ့ အရောင်းအ၀ယ် အချက်အချာကျတဲ့ နေရာတွေကနေ ထွက်သွားအောင် လုပ်ဆောင်ဖို့အတွက် တခြားအဖွဲ့တွေက စုစည်းပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့နှစ်ဘက်ကို ရဲက ခွဲပစ်ခဲ့ရပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဆန္ဒပြနေတာ သီတင်း ၅ ပတ် ရှိသွားပြီဖြစ်ပြီး ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးဖို့၊ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG