သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်ကွဲမှုတွေအပြီး ထိုင်းအစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား


<!-- IMAGE -->

ထိုင်းနိုင်ငံမှာ အနည်းဆုံး လူတယောက် သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုရဲ့ နောက်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြသူတွေ ရှိနေကြတယ် ဆိုတဲ့ စွပ်စွဲချက်ကို ဆန္ဒပြ ခေါင်းဆောင်တွေက ငြင်းဆိုလိုက်ကြပါတယ်။ ဒီတိုက်ခိုက်မှု လုပ်ခဲ့ကြတဲ့ သူတွေကို အစိုးရက ရှာဖွေနေတဲ့ တချိန်တည်းမှာပဲ ဘန်ကောက်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျော့သွားအောင် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ချေမှုန်းလိုက်တာနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ ရှင်းသွားမှာ မဟုတ်ဘူးလို့ အကြမ်းဖက်မှုတွေ တကျော့ ပြန်ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းစစ်ဦးစီးချုပ်က သောကြာနေ့က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ ချက်ချင်း ကျင်းပပေးဖို့ သူတို့ရဲ့ တောင်းဆိုချက်ကို ပြောင်းပေးဖို့ ရှပ်အနီ ခေါင်းဆောင်တွေကလည်း စဉ်းစားနေတဲ့အကြောင်း ရှပ်နီ ဆန္ဒပြသူများရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။ အခုချက်ချင်း ပါလီမန်ကို ဖျက်သိမ်းပေးမယ့်အစား တလအတွင်းမှာ ဖျက်သိမ်းပေးတာကို လက်ခံမယ်လို့ သူတို့က ဆိုကြပါတယ်။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တချို့ တာဝန်ရှိသူတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် အပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗုံးပေါက်ကွဲမှုမှာ ဘယ်လို အခန်းကဏ္ဍကမှ မပါဝင်ခဲ့ပါဘူးလို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ပေါင်းစု (UDD) က ပြောပါတယ်။ တီရှပ် အနီရောင်ဝတ် ဆန္ဒပြသူတွေဟာ မီးရှူးမီးပန်းတွေကိုပဲ ဖောက်ခဲ့ကြတာ ဖြစ်ပါတယ်လို့ UDFAD က ဆိုပါတယ်။

ဒီ ဖြစ်ပေါ်ပြောင်းလဲမှုတွေက စီးလုံလမ်းမက စီးပွားရေး အချက်အချာကျတဲ့ နေရာမှာ ဆန္ဒပြနေကြတဲ့ အစိုးရကို ထောက်ခံ ဆန္ဒပြကြသူတွေ ကြားထဲကို ဗုံး ၆ လုံးအထိ ပစ်ဖောက်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တာပါ။ UDD ဆန္ဒပြကြသူတွေနဲ့ ကိုက် ၁၀၀ လောက်ပဲ ဝေးတဲ့နေရာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ဗုံးဖောက်ခဲ့သူတွေကို ရှာဖွေရေးဟာ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်ပါတယ်လို့ အာဏာရ ဒီမိုကရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘာရာနပ်ဂျ် ဆမွတ်သာရပ်ခ် (Baranaj Smutharak) က ပြောပါတယ်။

“ဆန္ဒပြသူတွေကို ချေမှုန်းရေးထက် အကြမ်းဖက်သမားတွေကို ရှာဖွေရေးကို အစိုးရက ဦးစားပေး လုပ်နေတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ အကြမ်းဖက်သမားတွေက ဆန္ဒပြသူတွေကြားမှာ ရှိကောင်းမှလည်း ရှိမှာပါ။ ဒါကြောင့် ဒါက သီးခြားစစ်ဆင်ရေး ဆောင်ရွက်ချက် ဖြစ်ပါလိမ့်မယ်။”

သောကြာနေ့ နေ့လယ်မှာတော့ ဆန္ဒပြသူတွေက စီးလုံလမ်းမ အဝင်နေရာကနေ နောက်ကို ကိုက် ၁၀၀ ကျော်ကျော် ဆုတ်ပေးဖို့ ရဲနဲ့ သဘောတူခဲ့ကြတဲ့အတွက် တင်းမာမှုကတော့ တစုံတရာ လျော့နည်းသွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနားက လမ်းတွေပေါ်မှာရှိတဲ့ ဆိုင်တွေနဲ့ ဘဏ်တွေကတော့ စောစော ပိတ်လိုက်ကြပါတယ်။ စည်ကားလှတဲ့ နေရာဟာ တိတ်ဆိတ်သွားပါတယ်။ ဘန်ကောက်မြို့က ကောင်းကင် မြို့ပတ်ရထားကလည်း သန်းခေါင်ယံမှာ ပိတ်လေ့ရှိရာက ညနေ ၆ နာရီမှာ ပိတ်လိုက်ပါတယ်။ ဒါကြောင့် မြို့ထဲလာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေ တော်တော်များများ အိမ်ပြန်ဖို့ ဒုက္ခရောက်ကုန်ကြပါတယ်။

ချေမှုန်းလိုက်တဲ့အတွက် လူအနေနဲ့ရော၊ ငွေကြေး အနေနဲ့ပါ ပေးလိုက်ရမယ့် တန်ဖိုးတွေကို ရှောင်ဖို့ အစိုးရအနေနဲ့ တီရှပ် အနီဝတ် ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ သတိကြီးကြီး ထားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး Human Rights Watch အဖွဲ့ကြီးရဲ့ ထိုင်းနိုင်ငံ ကိုယ်စားလှယ် ဆူနိုင်း ဖာဆွတ်ခ် (Sunai Pasuk) က ပြောပါတယ်။

“အစိုးရအနေနဲ့ စိတ်ရှည်ဖို့ကလွဲပြီး ရွေးစရာလမ်း သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အသေအပျောက်၊ အပျက်အစီး မများဘဲ လူတွေကို ခွဲဖို့က မဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် အရာရာကို ခေါင်းအေးအေးထား ကိုင်တွယ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ပါဘူး။”

ဆန္ဒပြတာ ၆ ပတ်ကြာလာတဲ့အခါ စောင့်ကြည့်နေကြတဲ့ ဘန်ကောက်မြို့သားတွေက မချင့်မရဲ ဖြစ်သထက် ဖြစ်လာကြပါတယ်။ ဒါကြောင့် အကြမ်းဖက်တာတွေ ဖြစ်လာနိုင်ခြေကလည်း များလာပါတယ်။ ဘန်ကောက်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်နေပါပြီ။ ကမ္ဘာလှည့် ခရီးသွားတွေ လာတာက ထိုးကျသွားပါပြီ။ လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး ဒေါ်လာ သန်းပေါင်း ရာချီ ဆုံးရှုံးခဲ့ပါပြီ။

ငြိမ်းချမ်းရေး အဖွဲ့တွေကတော့ စေ့စပ်နိုင်မယ့် အချက်တွေကို ရှာနေကြပါတယ်။ အစိုးရအနေနဲ့ ရွေးကောက်ပွဲကို စောစော ခေါ်ပေးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ တောင်းဆိုနေပါတယ်။ UDD ပါတီနဲ့ စကားပြောနိုင်မယ့် ဖြစ်နိုင်ခြေ လမ်းကြောင်းတွေကို ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abihist Vejjajiva) က ရှာဖွေနေပါတယ်လို့ ထိုင်းအစိုးရ သတင်းရပ်ကွက်က ဆိုပါတယ်။

နှစ်ဘက်လုံးက အကြမ်းဖက်တာတွေကို ရှောင်ကြပြီး အဖြေတရပ် ရရှိအောင် ညှိနှိုင်း ဆွေးနွေးကြဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နိုင်ခြေ ရှိတဲ့အတွက် ဘန်ကောက်ကို ခရီးမသွားကြဖို့ တိုင်းပြည်အသီးသီးက သူတို့ရဲ့ နိုင်ငံသားတွေကို သတိပေးထားကြပြီး သောကြာနေ့မှာတော့ အဲဒီ နိုင်ငံစာရင်းထဲမှာ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတို့လည်း ပါဝင်လာကြပါတယ်။

အနှစ် ၂၀ အတွင်းမှာ အခု နိုင်ငံရေး အကျပ်အတည်းဟာ အဆိုးဝါးဆုံး အကျပ်အတည်း ဖြစ်ပြီး ယခင် ဝန်ကြီးချုပ် တပ်ခ်စင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေနဲ့ အစိုးရကြား အံတုကြတဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။ မစ္စတာ တပ်ခ်စင်ကတော့ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ချတာကို ရှောင်ပြီး နိုင်ငံခြားမှာ နေထိုင်နေပါတယ်။

မစ္စတာ အဘီဆစ်ရဲ့ အစိုးရအဖွဲ့က တရားမဝင်ဘူးလို့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေက ပြောပါတယ်။ တပ်ခ်စင် လိုလားတဲ့ အစိုးရ ၂ ရပ်ကို တရားရုံးက ဖျက်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး အဘီဆစ် အစိုးရအဖွဲ့က အာဏာရလာတဲ့ အတွက်ကြောင့် သူတို့က တရားမဝင်လို့ ပြောကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG