သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လူမှုရေးလုပ်ငန်း ဦးစားပေး ရပ်တည်သွားမည်


NLD လူမှုရေးလုပ်ငန်း ဦးစားပေး ရပ်တည်သွားမည်
NLD လူမှုရေးလုပ်ငန်း ဦးစားပေး ရပ်တည်သွားမည်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့ရက် နောက်ပိုင်း မေလ ၇ ရက်နေ့ကစလို့ လက်ရှိလုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ပြောပါတယ်။ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဗဟို အလုပ်အမှုဆောင်များ အစည်းအဝေး အတွင်းမှာ အခုလို သဘောတူညီခဲ့ကြတာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ စစ်အစိုးရက နောက်ဆုံးသတ်မှတ်ထားတဲ့ မေလ ၇ ရက်နေ့ မတိုင်ခင် အတွင်းနဲ့ အဲဒီရက် နောက်ပိုင်းတွေမှာ NLD ပါတီ အနေနဲ့ ဘယ်လို ဆက်လက်ရပ်တည်သွားမယ်၊ ဘာတွေ ဆက်လုပ်မယ် ဆိုတာကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီထဲမှာ NLD ပါတီဟာ မေလ ၇ ရက်နေ့ နောက်ပိုင်း လက်ရှိ နိုင်ငံရေးပါတီ လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းပြီး လူမှုရေး လုပ်ငန်းတွေမှာ ဆက်လက် လုပ်ဆောင်ဖို့ ဗဟို အလုပ်အမှုဆောင်တွေ သဘောတူခဲ့ကြပါတယ်လို့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“နိုင်ငံရေးလုပ်ငန်း ဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းတိုင်ပင်မှုတွေ၊ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စတွေ၊ သဘောထား ထုတ်ပြန် ကြေညာတာတွေ၊ အဲဒါတွေ ကျနော်တို့ ဆောင်ရွက်တော့မှာ မဟုတ်ပါဘူး။ အဲဒါတွေကို ကျနော်တို့ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

“အဖွဲ့ချုပ် အလံတော်ကို ချတာတို့၊ ဆိုင်းဘုတ် ဖြုတ်သိမ်းတဲ့ ကိစ္စတွေကို မိမိဘာသာ ဆောင်ရွက်မှာ မဟုတ်ဘူး၊ မဆောင်ရွက်ဘူး၊ အဲဒီလို သဘောတူညီကြပါတယ်။ ဒီကိစ္စအတွက် အဓိက ပံ့ပိုးကူညီထားတဲ့ အိမ်ရှင်ကိုလည်း ဒုတိယဥက္ကဋ္ဌကြီး ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည် မှာကြားချက်အတိုင်း ပြောဆိုဖို့ သဘောထား ရှိပါတယ်။ နောက် မေလ ၇ ရက်နေ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ်ရဲ့ ရုံးတွေ၊ ဌာနချုပ် ရုံးတွေကို ဒီအတိုင်းပဲ ဆက်လက် ဖွင့်လှစ်ထားမယ်လို့ ကျနော်တို့ သဘောတူထားပါတယ်။”

NLD ပါတီရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို မေလ ၇ ရက်နောက်ပိုင်း ရပ်ဆိုင်းမယ် ဆိုပေမဲ့ လူထုအတွက် လုပ်နေတဲ့ လူမှုရေး လုပ်ငန်းတွေကို NLD က တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“လူမှုရေး လုပ်နေတယ် ဆိုတာလည်းပဲ နိုင်ငံရေးပဲပေါ့။ သဘောကတော့ နိုင်ငံရေးလို့သာ မတပ်တာကိုး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ စားဖို့၊ ဝတ်ဖို့၊ နေဖို့၊ ပြဿနာတွေ ပြေလည်ဖို့၊ ရှင်းလင်းဖို့ ဒါတွေ ကူညီတယ် ဆိုတာကလည်း တနည်း ပြောရင်တော့ နိုင်ငံရေးပဲပေါ့ဗျာ။ ပါတီလိုတော့ ကြေညာချက်တို့၊ ထုတ်ပြန်ချက်တို့၊ EC ဆုံးဖြတ်ချက် ဒါတွေတော့ ဘယ်ရှိတော့မလဲ။ ကျနော်တို့က လူထုတွေရဲ့ အထဲမှာ ဝင်ရောက်ပြီးတော့ ကူညီလုပ်ကိုင် နေခြင်းအားဖြင့် ကျနော်တို့ အဖွဲ့ချုပ် အနေနဲ့က စိတ်ဓာတ်အားဖြင့်တော့ ပြည်သူလူထု အကျိုးကို ဆောင်ရွက်နေဆဲပဲလို့၊ ရှင်သန်အောင် ဆက်လက်ပြီးတော့ နေသွားမယ်ဆိုတဲ့ သဘောပါပဲ။”

မြန်မာစစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမယ်လို့ အများသိအောင် ကြေညာထားပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထွက်လာပြီး နောက်ပိုင်း ဒီဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့် NLD ပါတီက ကန့်ကွက်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်မယ့် အနေအထားတွေ ရှိနေပြီး တချို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တခြား နိုင်ငံရေး အင်အားစုတွေက ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တာ၊ မဲဆွယ် စည်းရုံးတာတွေတောင် လုပ်နေကြပါပြီ။ ဒီတော့ နိုင်ငံမှာ တရားမျှတမှု မရှိတဲ့ နိုင်ငံရေး အခြေအနေတွေ ရှိလာခဲ့ရင်ရော NLD ပါတီက နိုင်ငံရေးအရ ဝေဖန် ထောက်ပြတာတွေကို မလုပ်တော့ဘူးလားလို့ မေးကြည့်တော့ ဦးတင်ဦးက…

“ပြည်သူလူထု အသံတို့ ဘာတို့ကတော့ ရှိနေမှာပေါ့ဗျာ။ ဒါတွေကတော့လည်း ကျနော်တို့ ပြည်သူလူထုကြားထဲ ဝင်လုပ်တယ်ဆိုတဲ့ အခါကြတော့ ပြည်သူလူထု အသံတွေကတော့ မမျှတဘူး၊ မမှန်ကန်ဘူး ဆိုတာတွေကတော့လည်း ထွက်လာမှာပေါ့ဗျာ။ အဲတော့ ခုနပြောသလို ကြေညာချက်ကြီးတွေ ထုတ်ပြီးတော့ EC တွေခေါ်ပြီး EC ဆုံးဖြတ်ချက်၊ ဒီလိုတော့ ဘယ်ရှိတော့မလဲ။ ပွင့်ပွင့်လင်းလင်း ပြောတာဆိုတာ၊ လူထုကြားထဲမှာ ပြောတဲ့ဆိုတဲ့ အသံတွေကတော့ ထွက်လာကြမှာပေါ့။ မမျှမတ လုပ်တယ်ဆိုရင်တော့ ပြည်သူလူထုတွေ အသံကတော့ နေမှာမဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။”

ဒါပေမဲ့ NLD ပါတီရဲ့ စိတ်ဓာတ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် မဏ္ဍိုင်ပြုထားတဲ့ အင်အားစုကြီးကတော့ လူထုအတွက် ဆက်လက် ရပ်တည်နေမှာပါလို့လည်း ပြောပါတယ်။ NLD ပါတီ အခုလို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့တဲ့အတွက် အားမလို အားမရ ဖြစ်ကြတဲ့သူတွေ ရှိသလို တချို့ကလည်း NLD ကို အစိုးရတရပ်အဖြစ် မြင်လိုကြသူတွေလည်း ရှိကြပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ် ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မဲပေးကြမယ့် မဲဆန္ဒရှင်တွေဟာ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

အခု မေလ ၇ ရက်နေ့ နောက်ပိုင်း NLD က လက်ရှိလုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ် ဆိုတဲ့အပေါ် ပိုပြီး အမြင်မတူ၊ ကွဲပြားတာတွေ ရှိလာနိုင်ပါတယ်။ တဘက်မှာလည်း NLD ပါတီဟာ လူမှုရေးလုပ်ငန်းတွေ လုပ်ရင်း ဆက်လက်ရပ်တည်မယ် ဆိုပေမဲ့လည်း အဲဒီအပေါ်မှာ အာဏာပိုင်တွေက ကန့်ကွက် ဟန့်တားတာတွေ၊ နှောင့်ယှက်တာတွေ လုပ်ခဲ့မယ်ဆိုရင်ရော ဒီအခြေအနေတွေကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါသလဲ ဆိုတာကိုတော့ ဦးတင်ဦးက …

“တားတဲ့ဆီးတဲ့အတွက်တော့ ဆွေးနွေးရမှာပေါ့ဗျာ။ လူမှုရေးကိစ္စသက်သက်၊ ရိုးရိုးတန်းတန်း အေးအေးဆေးဆေး နေတယ်ဆိုရင် သူက ဒီမိုကရေစီ ထူထောင်မယ်လို့ ပြောတာပဲလေ။ အဲတော့ သူတို့ ဒီမိုကရေစီ ထူထောင်မယ်ဆိုရင်တော့ တကယ် ထူထောင်ပြပြီးတော့ လုပ်ပြပေါ့။ ဒါပဲ။ အဲဒီအထဲမှာ ဘယ်လောက်အထိ လုပ်ကိုင်လာနိုင်မလဲ၊ ကျနော်တို့ တွေ့ရ မြင်ရမှာပဲလေ။”

NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတဲ့ ပါတီတခု ဖြစ်ပေမဲ့ အခုချိန်ထိ အာဏာလွှဲပြောင်းပေးခြင်း မခံရသလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်တွေဟာလည်း ထောင်ချ အပြစ်ပေးခြင်း ခံထားရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG