သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ


<!-- IMAGE -->

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေ အပြင် ရွေးကောက်ပွဲ ဝင်ကြဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အကြောင်းနဲ့ ရန်ကုန်မှာ ထုတ်ပြန်ခဲ့တဲ့ ခရီးစဉ်ဆိုင်ရာ ကြေညာချက် အကြောင်းတွေကို ဦးရော်နီညိမ်းက စုစည်းတင်ပြပေးထားပါတယ်။

ဒီနှစ်ကုန်လောက်မှာ ပြုလုပ်မယ်လို့ ယူဆရတဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲကိစ္စကို အဓိကထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ ကြေညာပြီး ရက်အနည်းငယ် အကြာမှာပဲ အခုလို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ မစ္စတာ ကမ့်ပ်ဘဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့ မစ္စတာ ကမ့်ပ်ဘဲလ် ကိုယ်တိုင် ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ စစ်အစိုးရ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေး အဖွဲ့အစည်းနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ NGO တွေနဲ့ သူ့ရဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုတွေကို မစ္စတာ ကမ့်ပ်ဘဲလ်က အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု အမျိုးမျိုးတွေ အတွင်း ကျနော်တို့ဘက်က ကမ်းလှမ်းခဲ့တာ တခုကတော့ စစ်အစိုးရ အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဘက်ဘက်က အရေးပါသူတွေ အားလုံး ပါဝင်ခွင့် ပြုထားတဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ပါပဲ။ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲတွေကို ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ စစ်အစိုးရကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ် လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ။

“မသွယ်မဝိုက်ဘဲ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်စရာ အကြောင်းအချက်တွေ ကျနော်တို့ တွေ့မြင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ မလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်တဲ့ လုပ်ရပ်တွေ ချက်ချင်းလုပ်ပါလို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ တချို့က ရွေးကောက်ပွဲဝင်ဖို့၊ တချို့က ရွေးကောက်ပွဲ မဝင်ဖို့ အခက်အခဲတွေ အမျိုးမျိုးကြားက ဆုံးဖြတ်ချက် ချခဲ့ကြတာကို အမေရိကန် ပြည်ထောင်စုက နားလည်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး သူပြောတာကတော့…

“မြန်မာပြည်သူလူထုတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ကျနော်နဲ့ အချိန်ကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒီခေါင်းဆောင်တွေကို ကျနော် ဒီအချိန်မှာ ချီးကျူး ဂုဏ်ပြုပါရစေ။ စစ်အစိုးရရဲ့ အပြစ် အနာအဆာတွေနဲ့ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေထဲမှာ တရားဝင် ဝင်ရောက်ပါဝင် လုပ်ဆောင်မယ့် အစိတ်အပိုင်းတခု ဖြစ်ရေး ပယ်ချခံရပေမဲ့လည်း ဒီ NLD ခေါင်းဆောင်တွေဟာ မြန်မာပြည်သူ လူထုအတွက် လူထုကို ကိုယ်စားပြုပြီး ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြသူတွေပါ။

“NLD ဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရပ်တည်သွားသည် ဖြစ်စေ၊ NLD အပါအဝင် မြန်မာပြည်သူလူထုကို ထောက်ခံသူတွေရဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ရပ်တည်သွားမှာပါ။”

ဒါ့အပြင် မစ္စတာ ကမ့်ပ်ဘဲလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ကြေညာချက်ရဲ့ နိဂုံးပိုင်းမှာ အခုလို ဖတ်ကြားသွားပါတယ်။

“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဆက်မပြတ် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပေါ်မှာ စိတ်ရှည်သည်းခံပြီး မေတ္တာတရား ထားနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ် ဆိုတာပါ။ ပိုပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတရပ် ရှာဖွေရေး အတူတကွ အလုပ်လုပ်သွားကြဖို့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ့ရဲ့ မေတ္တာရပ်ခံမှုတွေကို အလေးဂရုမပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကတော့ အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။”

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းမှာ မဟုတ်သလို တဘက်မှာလည်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားမယ့် မူဝါဒကို ကျင့်သုံးသွားမယ်၊ လောလောဆယ်မှာလည်း အကြိမ်ပေါင်းများစွာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG