သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မရှိတော့မှသိစေမယ့် အမျိုးသမီးတန်ဖိုးလှုပ်ရှားမှု ကန် မှာ စတင်


ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာတဝှမ်း ဆင်နွှဲရာမှာ အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး နောက်တနေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ Women’s March - အမျိုးသမီးပေါင်း သန်းနဲ့ချီ ချီတက် ဆန္ဒဖော်ထုတ်ပွဲကို စည်းရုံးခဲ့ကြသူတွေက A Day Without a Woman - အမျိုးသမီးမရှိတဲ့နေ့ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာကို သဘောပေါက်ကြဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ မျက်မှောက် လူနေမှုနဲ့ စီးပွားရေးစနစ် တိုးတက်မှုအတွက် အမျိုးသမီးတွေရဲ့ ကြီးမားလှတဲ့ လုပ်အားကို တန်ဖိုးထားတတ်ဖို့ဖြစ်ပြီး ကျား/မ တန်းတူ လစာမရမှု၊ လုပ်ငန်းခွင်မှာ ခွဲခြား ဆက်ဆံခံရမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ လုံခြုံမှု ကင်းမဲ့မှု စသဖြင့် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုနဲ့ သွေးစည်းခိုင်မာမှု ပြသဖို့ အစွမ်းထက်မြက်မှုကို ကိုယ်စားပြုတဲ့ အနီရောင် ဝတ်ကြဖို့နဲ့ အမျိုးသမီးတွေရဲ့ ဝယ်လိုအား ကြီးမားမှုကို ပြသနိုင်ဖို့ ဒီနေ့မှာ အမျိုးသမီးတွေ ဈေးမဝယ်ကြဖို့၊ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ တရက်အလုပ်မလုပ်ဘဲ ခွင့်ယူဖို့ ဒါမှဟုတ် လစာမရတဲ့ အိမ်အလုပ်ဆိုရင်လည်း ဒီနေ့တရက်အတွက် အလုပ်မလုပ်ကြဖို့ လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှုကို မြောက် Carolina၊ ဗားဂျီးနီးယားပြည်နယ်နဲ့ နယူးယောက်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲဖို့ရှိပြီး ဗာဂျီးနီးယားပြည်နယ်ရှိ Alexandria မြို့နဲ့ မြောက် Carolina ရှိ Chapel Hill မြို့တို့မှာ ကျောင်းဆရာမတွေ ခွင့်ယူတဲ့အတွက် ဒီနေ့ ကျောင်းတွေ ပိတ်ရတဲ့အထိ အခြေစိုက်ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ အတွင်းရေးမှူးချုပ်သစ် Antonio Guterres ဦးဆောင်ပြီး အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အခမ်းအနားတွေ ကျင်းပဖို့ ရှိပါတယ်။ ဒီနှစ် ဆောင်ပုဒ်ကတော့ - ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေအတွက် ၂၀၃၀ အမှီ ကမ္ဘာတဝှမ်း လုပ်ငန်းခွင်တွေမှာ ကျား/မ အလုပ်သမား ဆတူရှိဖို့ ကြိုးပမ်းရေးပဲ ဖြစ်ပါတယ်။ နောက်ဆောင်ပုဒ်တခုကတော့ Be bold for change - အပြောင်းအလဲအတွက် သတ္တိရှိကြဖို့ အမျိုးသမီးတွေကို ဆော်သြထားပါတယ်။

ကနေ့ ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေအနက် ၅၀% ကသာ လုပ်ငန်းခွင်မှာရှိပြီး အမျိုးသားတွေကတော့ ၇၆% လုပ်ငန်းခွင်မှာ ရှိကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေထက်စာရင် ဝင်ငွေမရတဲ့အလုပ်ကို အမျိုးသမီးတွေက ၂ ဆခွဲ ပိုလုပ်ရပြီး ကျား/မ လစာ ကွာခြားမှုဟာ ၂၃% ရှိပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်း ဆင်နွှဲရာမှာ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှုကို မတ်လ ၆ ရက်နေ့ကစပြီး သီတင်းတပတ်ကြာ ဆင်နွှဲလျက် ရှိပါတယ်။ ပထမနေ့မှာတော့ အမျိုးသမီးစွန့်ဦးတီထွင် လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်တို့ စကားဝိုင်း ဆွေးနွေးခဲ့ကြရမှာ တာဝန်ယူမှုကိုပါ အခွင့်အရေးတရပ်အဖြစ် ရှုမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG