သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာအဆိပ်သင့်သူ ၄၀၀ ခန့် မြောင်းမြဆေးရုံရောက်


မြောင်းမြဆေးရုံကိုရောက်လာတဲ့ အစာအဆိပ်သင့်လူနာများကို လူနာတင်ကားနဲ့သယ်ဆောင်လာစဉ် (ဓါတ်ပုံ- Wai Lin Aung)
မြောင်းမြဆေးရုံကိုရောက်လာတဲ့ အစာအဆိပ်သင့်လူနာများကို လူနာတင်ကားနဲ့သယ်ဆောင်လာစဉ် (ဓါတ်ပုံ- Wai Lin Aung)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အိမ်တလုံးကျေးရွာမှာ မနေ့ ကြာသာပတေးနေ့က အလှူတခုကနေ ကျွေးတဲ့ အစားအသောက်ကြောင့် လူပေါင်း (၃၀၀) ကျော် အစာအဆိပ်သင့်ပြီး မြောင်းမြ ဆေးရုံမှာ အရေးပေါ် တက်ရောက်ကုသမှုခံနေရပါတယ်။

လူနာတွေရဲ့ အခြေအနေတွေ နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီဖြစ်ပေမဲ့ အီကိုလိုင် ဖြစ်မဖြစ်ကို စောင့်ကြည့်နေပြီး ကာကွယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြောင်း မြောင်းမြဆေးရုံအုပ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မနေ့ညက မြောင်းမြဆေးရုံကြီးမှာ အစာအဆိပ်သင့်တဲ့ လူနာတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဆေးရုံးကြီးအရောက် ကိုယ်တိုင်ပို့ဆောင်ပေးခဲ့တဲ့ ဂရုဏာရှင်လူငယ်များအသင်း (မြောင်းမြ)က ကိုဝေလင်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။

“ဆေးရုံမှာတော့ လူနာတွေအကုန်လုံး ၄၀၀ နီးပါးတော့ရောက်နေကြပြီခင်ဗျ။ အကုန်လုံးဆေးရုံထဲမှာက မဆန့်တော့ ရွှေသာလျှောင်း ဘုရားတန်းဆောင်းမှာ တချို့ခွဲထားတယ်ခင်ဗျ။ ဆေးရုံမှာတော့ လူနာ ၂၀၀ ကျော်လောက်ရှိမယ်။ ဒီက ကျနော်တို့ဆီက ၉၃ တပ်ရင်းက ဆေးတပ်ဖွဲ့တွေလည်းရောက်လာတယ်။ မီးတပ်တွေအကုန်လုံး ဝိုင်းလုပ်ကြတာပေါ့နော်။ လူနာက အများကြီးဆိုတော့။”

မေး။ ။ အဲဒီတော့ အခုဆေးရုံထဲမှာကတော့ သူတို့ကို အခုဆေးကုသနေတဲ့အခြေအနေက ဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။နိုင်ပါတယ်ခင်ဗျ အကုန်လုံးကတော့ လောလောဆယ်တော့ စိတ်ချရတဲ့အခြေအနေတော့ရောက်ပြီ။ ပြန်သက်သာလာပြီ သူတို့လည်း ဆေးရုံထဲမှာ နေရာမလောက်တော့ အပြင်မှာ တဲလေးတွေထိုးထားတယ်ပေါ့နော် မီးတပ်တွေရော ၊ ကျန်တဲ့ဆရာဝန်တွေရောရှိတော့ အကုန်လုံးတော့ စိတ်ချရတဲ့အခြေအနေပါပဲ။ ကျနော်တို့ကတော့ မနက်ကျရင်တော့ သူတို့ကို အဟာရတွေတော့ ကျွေးဖို့ စီစဉ်ထားတယ်။

မေး။ ။ အဓိက အစာအဆိပ်သင့်ပြီး များသောအားဖြင့်လူနာတွေမှာ ဘယ်လိုမျိုးတွေအဓိက တွေ့ရသလဲရှင့်။

ဖြေ။ ။ အော့အန်တယ်ပေါ့နော်၊ တချို့ကလည်း နှုံးခွေသွားတယ်။ ဝမ်းသွားတဲ့လူအချို့လည်းရှိတယ်။ အဓိကတော့ လူတွေက နှုံးခွေပြီးတော့ လူတွေကအားနည်းသွားတဲ့ ပုံစံမျိုးပေါ့ တချို့လည်း အန်ပြီးတော့ ဆက်တိုက်အန်နေတဲ့လူတွေလည်းရှိတယ်။

အစာအဆိပ်သင့်တဲ့လူနာတွေထဲမှာ အမျိုးသမီးအရေအတွက် ပိုများပြီး၊ ကလေးငယ်တွေလဲ ပါဝင်ကြောင်း ကိုဝေလင်းအောင်ကပြောပါတယ်။

ရာနဲ့ချီပြီး အစာအဆိပ်သင့်တဲ့ လူနာတွေ မြောင်းမြဆေးရုံးကိုရောက်ရှိ လာတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဆေးရုံးအုပ်ကြီး ဒေါက်တာကျော်စွာလင်းကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

“နေပြည်တော်မှာ ကျနော်ကအစည်းအဝေးတက်ရောက်တာနဲ့ ကျနော်က အဝေးကနေပြီး သိရတာပေါ့လေ၊ အခု ကျနော်တို့လောလောဆယ် ၁၁နာရီ မိနစ် ၄၀ အရဆိုရင် ကျနော်တို့ဆီရောက်တဲ့လူနာ အယောက် ၃၀၀ မှာ သာမန်အားဖြင့် ဖြစ်တဲလူနာက ၂၀၀ ရှိပြီးတော့ dehydration ရှိတဲ့လူနာက ၅၀ စီ ရှိပါတယ်။ team တွေကိုလည်း အဲဒီနေရာကို လွှတ်ပြီး ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတာတွေရှိပါတယ်။

မေး။ ။ ဝမ်းလျောဝမ်းပျက်ပြီး ရေဓါတ်ခန်းခြောက်တဲ့ ဝေဒနာပြင်းထန်တဲ့ လူနာတွေပေါ့နော်။ အဲတော့ အဓိက ဒီရောဂါ ဘယ်လိုစဖြစ်လဲဆိုတာ သိရပါသလဲရှင့်။

ဖြေ။ ။တချို့ကတော့ ငါးသလောက်စားပြီးတော့ ဖြစ်တယ်လို့ History ရရှိထားပါတယ်။ ကျနော်တို့က အဲဒီအစာနဲ့ Infection ရတယ်လို့ သုံးသပ်ပါတယ်။ သူက အန်တာ နည်းနည်းများတဲ့ ပြဿနာပါ။ အခုလောလောဆယ်အထိတော့ ဆေးရုံမှာ ဆေးဆက်ပြီးကုသနေ တဲ့လူနာတွေရှိပြီးတော့ သာမန်တွေကိုတော့ ပြန်ပို့တယ်လို့ ကျနော်တို့ သတင်းရထားပါတယ်။

မေး။ ။ ဆရာတို့ ကာကွယ်ရေးလုပ်ငန်းတွေလဲ စတင်ဆောင်ရွက်နေပြီဆိုတော့ ရောဂါ အခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဖြေ။ ။ ကျနော့်ကို ပြောတဲ့အချိန် ပထမ ၁ ယောက်စ ၂ ယောက်စ ရောက်လာတဲ့အခြေအနေကနေ ၃၀ လောက်ရောက်လာတဲ့အခါမှာ ကျနော်တို့ကို Information ပေးပြီးတော့ ကျနော်တို့ စပြီးတော့ run တာပါ။ ကျနော်ထင်ပါတယ် သူပြောတဲ့ အချိန်က ၆ နာရီသာသာဆိုတော့ ကျနော်ထင်ပါတယ် ၆ နာရီအရှေ့ကဆိုတော့ သူ့ဆီ စတင်ပြီးရောက်ရှိချိန်ကိုမေးတော့ မေးခိုင်းထားပါတယ်။ ဘယ်အချိန်စရောက်တာလဲပေါ့။ အလှူဆိုတော့ ၁၀ နာရီ ၁၁ နာရီလောက် စားတယ်ဆိုတော့ ကျနော်တို့က ၁၂ နာရီလောက်ဆိုရင်တော့အီကိုလိုင်ဖြစ်မလားဆိုပြီးတော့ ကျနော်တို့အဲလိုတွက်ပြီးတော့ ကျနော်တို့ ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။

မေး။ ။ မြောင်းမြအပါအဝင် ဧရာဝတီတိုင်းဘက်မှာ မကြာခဏ အစာအဆိပ်သင့်ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်သင့်သလဲရှင့်။

ဖြေ။ ။ အဓိကတော့ ကျနော်တို့က လက်ဆေးတာပါပဲ လက်ဆေးတယ်ဆိုတာ တကယ်တော့ အင်မတန်ခက်တဲ့ လုပ်ငန်းတခုပါ။ လက်ဆေးတယ် ဆိုတာကို ပြည်သူလုထုသိအောင် ကျနော်တို့က ဆောင်ရွက်နေပါတယ် ။ ရွာတွေရဲ့ပြဿနာက ယင်လုံအိမ်သာ ၁၀၀ ရာခိုင်နှုန်းရအောင် ပြည့်မီအောင် ကျနော်တို့ဘက်ကလည်း တိုက်တွန်းပြီးဆောင်ရွက်နေပါတယ်။

အိမ်တလုံးကျေးရွာက အစာအဆိပ်သင့်တဲ့လူနာတွေဟာ မတ်လ (၂၃)ရက်နေ့က သူတို့ရွာမှာ ပြုလုပ်တဲ့ အလှူတခုကကျွေးတဲ့ ငါးသလောက်ပေါင်း၊ ပိန္နဲပြုတ်နဲ့ မဲဇလီ ဟင်းချိုတို့ကို စားခဲ့ကြတာဖြစ်ပါတယ်။ အစာအဆိပ်သင့်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက မြန်မာဆရာဝန် ဒေါက်တာတင့်ဆွေက အခုလိုပြောပါတယ်။

“ အစာအဆိပ်သင့်ခြင်းဟာ အဓိကကတော့ အဲဒီအစာထဲမှာ ပိုမွှားပါလို့ပါ။ ပိုးမွှားဆိုရာမှာ အဓိကကတော့ ဘတ်တီရီးယားလို့ခေါ်တဲ့ အကောင်ကလေးတွေနဲ့ နောက် ဗိုင်းရပ်စ်ဆိုတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ အဲဒီဘတ်တီရီးယားမှာလည်း အမျိုးအစားက အမျိုးမျိုးရှိတော့က ဒီဘတ်တီရီးယား အမျိုးအစားပေါ်မှာ မူတည်ပြီးတော့ အဲဒီအစားကို စားသောက်တဲ့လူတွေမှာ ရောဂါလက္ခဏာတွေ ဘယ်အချိန်မှာ ပေါ်တယ်၊ ဘယ်လောက်ကြာမှ ပေါ်တယ်၊ ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်တယ် ဆိုတာမျိုးရှိပါတယ်။”

လက်ရှိအချိန်ထိ အသက်စိုးရိမ်ရတဲ့ လူနာမရှိသေးဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကပြောပါတယ်။ မနေ့ညက တဘက်ကမ်းမှာရှိတဲ့ အိမ်တလုံးကျေးရွာ ကနေ စက်လှေတွေနဲ့ရောက်လာတဲ့ လူနာတွေကို မြောင်းမြမြို့ပေါ်က လူမှုရေးအဖွဲ့တွေရဲ့ လူနာတင်ကားတွေ အပါအဝင် ဒိုင်နာကားတွေ၊ ကုန်ကားတွေ၊ မီးသတ်ကားတွေနဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ ဆေးရုံတွင်း နေရာမဆံံ့တဲ့အတွက် လူနာအချို့ကို ဆေးရုံအပြင်ဘက် ကွပ်ပစ်တွေနဲ့ နေရာချထားပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG