သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမယ့် ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှု


U ko Ni funeral
U ko Ni funeral

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေး ခရီးက အပြန် ရန်ကုန်လေဆိပ်ကို အရောက် သေနတ်သမား တစ်ယောက်က အနီးကပ် ပစ်ခတ် လုပ်ကြံလို့ သေဆုံးခဲ့ရပါတယ်။ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီးပြီးခြင်းမှာပဲ တက္ကစီ သမားတွေ အပါအဝင် တာဝန်သိပြည်သူတွေရဲ့ ဝိုင်းဝန်း ဖမ်းဆီးမှုကြောင့် လုပ်ကြံသတ်ဖြတ်သူ ဦးကြည်လင်းကို အခင်းဖြစ်နေရာ မနီးမဝေးမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ပြည်တွင်းကသာမက နိုင်ငံတကာကလည်း အထူးစိတ်ဝင်စားတဲ့ မှုခင်းအမျိုးအစားပါ။ အကြောင်းကတော့ ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ အင်န်အယ်လ်ဒီ ပါတီရဲ့ အရေးပါတဲ့ သူတစ်ယောက်ဖြစ်တာ၊ လူနည်းစု အစ္စလာမ် ဘာသာဝင် တစ်ယောက်လည်း ဖြစ်နေတာ စတဲ့ အကြောင်းတွေကြောင့်ပါ။ အခုလို လုပ်ကြံမှုဖြစ်ပွား၊ ကျူးလွန်သူ တရားခံကို နေရာမှာပဲ ဖမ်းဆီးရမိခဲ့ပေမယ့် နောက်ထပ် ၅ ရက်လောက်ကြာတဲ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့ပါဘူး။ ဖေဖေါ်ဝါရီ ၃ ရက်နေ့ အရောက်မှာမှ လူသတ်တရားခံ ဦးကြည်လင်းရဲ့ ကြံရာပါ၊ ဒါမှမဟုတ် ဦးကြည်လင်းရဲ့ ထွက်ဆိုချက်အရ ဦးကြည်လင်းကို လူသတ်ဖို့ ခိုင်းစေသူ ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီ မနက် ၄နာရီလောက်ကတည်းက ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေငြာပါတယ်။ တကယ်တော့ အခု မှုခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ခြင်း မပေါ်ပေါက်ခြင်းဟာ ဒီမိုကရေစီ ခေတ်သစ်တစ်ခုကို သွားနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ တစ်နည်းပြောရရင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်အပေါ် ပြည်သူတွေ ယုံကြည်မှု အပေါ် အများကြီး ဂယက်ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ခုတစ်ပတ် ဒီကိစ္စ ဆွေးနွေးတင်ပြသွားပါ့မယ်။

မှုခင်းနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ကို ပြန်ပြောရရင် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင် အင်န်အယ်လ်ဒီ ဥပဒေ အကြံပေး ဦးကိုနီ စင်ကာပူ silk air လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေး ခရီးစဉ် သွားရောက်ပြီး အဖွဲ့ဝင်တွေနဲ့အတူ ပြန်ရောက်လာတာပါ။ လေဆိပ်အရောက် တာမင်နယ် ၁၊ ဂိတ်နံပတ် ၆ ထွက်ပေါက်အရှေ့ တက္ကစီ တာမင်နယ် ၁၊ ဂိတ်နံပတ် ၆ ထွက်ပေါက်အရှေ့ တက္ကစီ စတင်းရှေ့မှာ မြေးလေးကို ချီရင်း ကားစောင့်နေတုန်း လူသတ်သမားက ပစ္စတိုသေနတ်နဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဦးကိုနီ နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးသွားပေမယ့် လူသတ်သမားကို တက္ကစီသမားတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

အခုလို လူသတ်မှုဖြစ်ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ သမ္မတရုံးက ယေဘူယျဆန်တဲ့ ကြေငြာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ အမှုကို ကိုင်တွယ်ရတဲ့ ရဲတပ်ဖွဲ့ကသော်၎င်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဘက်ကသော်၎င်း ဘာတစ်ခုမှ သတင်းထုတ်ပြန်ခြင်း မပြုလုပ်ပါဘူး။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုဆိုင်ရာ သတင်းတွေကတော့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ပေါက်ကြားခဲ့တာ တွေ့ရပါတယ်။ မှုခင်းဖြစ်ပွားပြီးပြီးခြင်း ဦးကြည်လင်းရဲ့ ကိုယ်ရေးအကျဉ်းပါ လက်ရေးမူ ပေါက်ကြားခဲ့လို့၊ မှတ်တမ်းပါ မန္တလေး လိပ်စာကို သတင်းထောက်တွေ၊ ပြည်သူတွေ ရောက်သွားသလို၊ ရဲတပ်ဖွဲ့လည်း ရောက်သွားခဲ့ပါသေးတယ်။

နောက်ထပ် ပေါက်ကြားမှုကတော့ စာမျက်နှာ ၅ မျက်နှာပါ ဦးကြည်လင်း အစစ်ခံချက် ဖြစ်ပါတယ်။ အဲဒီထဲမှာ သူ့ကို စေခိုင်းသူဟာ ဦးမြင့်ဆွေ ဆိုသူဖြစ်တဲ့အကြောင်း၊ လုပ်ကြံဖို့ အတွက် ရန်ကုန်ကို ချိန်းဆိုပြီး လုပ်ကြံကာနီးမှ ဦးကိုနီကို ညွှန်ပြတာ၊ သေနတ်နှစ်လက် ထည့်ထားတဲ့ လွယ်အိတ်ကို ပေးပြီး လုပ်ကြံခိုင်းတာ စသဖြင့် ထွက်ဆိုထားပါတယ်။ ဒီထွက်ဆိုချက်ဟာ ရဲဘက်က ပေါက်ကြားတာ အမှန်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတောင် သတင်းထောက်တစ်ချို့ကို အတည်ပြုပြောကြားထားပါသေးတယ်။

နောက်ထပ်ထွက်လာတဲ့ သတင်းတစ်ခုကတော့ ဦးကြည်လင်းကို ခိုင်းစေသူ ဦးမြင့်ဆွေ ကို ရန်ကုန်-ဘားအံလမ်း ဘားအံ တံတားမှာ ဖမ်းဆီးလိုက်တယ် ဆိုတဲ့ သတင်းပါ။ ဒီသတင်းထွက်လာတဲ့အခါ သတင်းဌာနတွေက ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကို ဖုန်းဆက်မေးကြပါတယ်။ ရဲမှူးကြီးကြည်လင်းက အဲလို ဖြစ်စဉ် လုံး၀ မရှိတဲ့အကြောင်း၊ တရားခံ ဖမ်းဆီးရမိဖြစ်စဉ် လုံး၀ မရှိတဲ့အကြောင်း ငြင်းဆိုပါတယ်။ နောက်ပိုင်း သမ္မတရုံး ထုတ်ပြန်ချက်အရ အဲဒါဟာ လိမ်လည်ပြောဆိုမှု ပဲ ဖြစ်တာ သိကြရပါတယ်။ ကရင်ပြည်နယ်ကပဲ ဒုရဲမှူးကြီး ကံဝင်းကတော့ မြင့်ဆွေ ဆိုတဲ့သူကို မြဝတီမှာ ဇန်နဝါရီ ၃၀ ရက် ကတည်းက ဖမ်းဆီးမိထားပြီ ဖြစ်တယ်လို့ သတင်းဌာနတွေကို အတည်ပြုပြောဆိုပါတယ်။ မြဝတီက လာတဲ့ သတင်းတွေမှာလည်း မြင့်ဆွေဆိုတဲ့ နာမည်နဲ့ လူတွေကို ရှာဖွေ ဖမ်းဆီးနေတယ်ဆိုပြီး ဖော်ပြကြပါတယ်။

ကြားထဲမှာ အရေးတကြီး ထွက်ပေါ်လာတဲ့ ကွင်းဆက် သတင်းတစ်ခုကတော့ Myanmar Now အယ်ဒီတာ ကိုဆွေဝင်းကနေ အိုးဘိုထောင်ထဲမှာ ဦးကြည်လင်း၊ ဦးမြင့်ဆွေလို့ ဦးကြည်လင်းက ခေါ်ဝေါ်နေတဲ့ ဦးအောင်ဝင်းဇော်တို့ ကို သိကျွမ်းခဲ့သူ ဦးအောင်စိုး အကြောင်း အင်တာဗျူးပါ။ အဲဒီ အင်တာဗျူးမှာ ဦးအောင်စိုးက သူဟာ ဦးကြည်လင်းကို ကောင်းကောင်း သိတဲ့အကြောင်း၊ သူထောင်က ထွက်ပြီး ၂၀၁၆ ခုနှစ်ဇွန်လ ထောင်ထဲမှာ ဦးကြည်လင်းတို့နဲ့ အတူ တွဲနေတဲ့ တပ်မတော် အရာရှိဟောင်း ဦးအောင်ဝင်းဇော် သူ့ဆီကို ရောက်လာတဲ့အကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ယောက်ကို နေ့ခင်းကြောင်တောင် လုပ်ကြံရမှာဖြစ်ကြောင်း၊ လုပ်ကြံရင် ငွေ သိန်း ၅၀၀-၁၀၀၀ တောင်း သလောက် ပေးမယ်လို့ စည်းရုံးကြောင်း၊ ဦးကြည်လင်းကို လူသတ်ဖို့ စေခိုင်းသူဟာ အဲဒီ ဦးအောင်ဝင်းဇော် ဖြစ်မယ်လို့ သူ တစ်ထစ်ကျ ယုံကြည်တဲ့အကြောင်း၊ သူ့နောက်ကွယ်မှာ အဖွဲ့တစ်ဖွဲ့၊ အင်အားစု တစ်စု ရှိလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အကျဉ်းသားဟောင်း ဦးအောင်စိုးကို သတင်းဌာနတွေက အင်တာဗျူးလုပ် ဒီသတင်းတွေ အကြီးအကျယ် ပျံ့နှံ့လာတဲ့အခါကျမှ ရဲတပ်ဖွဲ့ဟာ ဦးအောင်ဝင်းဇော် ဆိုသူကို ဇန်နဝါရီ ၃၀ ရက်နေ့ကတည်းက ဘားအံတံတားမှာ ဖမ်းမိထားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညနေမှာ ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုကြည့်ရင် မှုခင်းကို ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့၊ တစ်နည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနဟာ ထုတ်ပြန်သင့်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ ပျက်ကွက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါတင်မက ဘားအံတံတားမှာ ဘယ်သူ့ကိုမှ ဖမ်းမိတာ မရှိဘူးလို့ ပြည်နယ်ရဲမှူးကြီး အဆင့်ရှိသူက သတင်းဌာနတွေကို လိမ်လည် ပြောဆိုပါတယ်။ အကျဉ်းသားဟောင်း ကိုအောင်စိုးရဲ့ အင်တာဗျူးတွေ၊ ဦးအောင်ဝင်းဇော်ရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားတဲ့အခါကျမှ သူ့ကို ဖမ်းဆီးရမိထားပြီလို့ နောက်ကျပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုမှုခင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တကယ့်ကို အဓိကကျတဲ့ တရားခံတွေ ဖမ်းဆီးရမိထားတဲ့တိုင် နောက်ကွယ်က အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ၊ ပါဝင် ပတ်သက်သူ စတာတွေကို ပြည်သူတွေ မသိကြရသေးပါဘူး။ တာဝန်ရှိ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဒီမှုခင်းကို အမှန်အတိုင်း ဖော်ထုတ်ပါ့မလား ဆိုတာကိုလည်း သံသယ ဖြစ်နေကြပါတယ်။ ကိုအောင်စိုးရဲ့ အင်တာဗျူးထဲမှာ လုပ်ကြံမှု လုပ်ပြီးရင် ထိုင်းနယ်စပ် DKBA နယ်မြေထဲ သွားရောက်ရှောင်တိမ်းရမယ် ဆိုပြီး ဦးအောင်ဝင်းဇော်ရဲ့ ပြောစကား ပါလာတာကြောင့် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့များ ပတ်သက်လေဦးမလား တွေးတောစရာ ရှိလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအမှုမှန်ဖော်ထုတ်ဖို့၊ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လိုအပ်ရင် တပ်မတော်ရဲ့ အကူအညီ လိုပါတယ်။ ဦးကိုနီဟာ အင်န်အယ်လ်ဒီ ပါတီရဲ့ အရေးပါပုဂ္ဂိုလ်၊ ဒီမိုကရေစီ လိုလားသူ၊ အစ္စလာမ် လူနည်းစု အကျိုးဆောင်ရွက်သူ ဖြစ်တဲ့အတွက် အခု အမှုမှန် ဖော်ထုတ်နိုင်၊ မဖော်ထုတ်နိုင်၊ ကျူးလွန်သူတွေကို တရားရုံးရှေ့မှောက် ပို့နိုင်၊ မပို့နိုင် ဆိုတာဟာ အနာဂတ် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအတွက် အလွန်အရေးပါတဲ့ အချက် ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မှတ်ချက်

အခုနောက်ဆုံး သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးပြောကြားချက်အရ ဦးမြင့်ဆွေ နဲ့ ဦးအောင်ဝင်းဇော် တဦးတည်းပဲဖြစ်တယ်ဆိုတဲ့ ကိစ္စက ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်မှာ ပြန့်နှံခဲ့တာသာဖြစ်ပြီး အခုသူတို့ ဖမ်းထားတဲ့ ဦးအောင်ဝင်းဇော်ဟာ ဦးအောင်ဝင်းဇော်သာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG