သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rex Tillerson ကို ကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ Rex Tillerson
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ Rex Tillerson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားရေး ExxonMobil ရေနံကုမ္ပဏီ အကြီးအကဲဟောင်း Rex Tillerson ကို အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီး သမ္မတ Trump က သူ့ကို အိမ်ဖြူတော်မှာ ကျမ်းသစ္စာကျိန်ဆိုခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ အမေရိကန်နိုင်ငံခြားရေး မူဝါဒ အောင်မြင်ရေးအတွက် သံတမန်ရေးရာ ကိစ္စတွေမှာ အဓိက တာဝန်ရှိသူ ဖြစ်လာမယ့် Rex Tillerson ဟာ နိုင်ငံခြားဆက်ဆံရေးမှာ အတွေ့အကြုံ နဲသူအဖြစ် သူ့ကို အတည်ပြုရေး ကြားနာပွဲမှာ ထောက်ပြခဲ့တာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ Donald Trump က အမည်စာရင်း တင်သွင်းသူ Rex Tillerson ကို အမေရိကန် အထက်လွှတ်တော် ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုလို သူနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ သမ္မတ Trump က ချမှတ်ခဲ့တဲ့ အမိန့်အရ TPP ကုန်သွယ်ရေး သဘောတူညီမှုကနေ နှုတ်ထွက်တာ၊ မက္ကဆီနယ်စပ်မှာ တံတိုင်း တည်ဆောက်ဖို့ စီစဉ်တာ၊ အမေရိကန် နိုင်ငံအတွင်း ရွေ့ပြောင်း အခြေချနေထိုင်မယ့် ဒုက္ခသည်တွေနဲ့ မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကလူတွေကို ယာယီ ပြည်ဝင်ခွင့် ပိတ်တာနဲ့ ဒီအပေါ်မှာ နိုင်ငံခြားရေးဌာန ဝန်ထမ်း တထောင်နီးပါးက ကန့်ကွက်စာ တင်သွင်းမှု အစရှိတဲ့ နိုင်ငံခြားရေးဆိုင်ရာ အကဲစမ်းမှုတွေကို ရင်ဆိုင်ရာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ Tillerson ဟာ ExxonMobil ကုမ္ပဏီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် ရုရှားသမ္မတ Vladimir Putin နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့သူဖြစ်ပြီး နိုင်ငံခြားရေး ပေါ်လစီ အတွေ့အကြံ မရှိတဲ့သူအဖြစ် New Mexico ဒီမိုကရက် အထက်လွှတ်တော်အမတ် Martin Heinrich က ဝေဖန် ပြောဆိုခဲ့ပါတယ်။

“နောက်တက်မယ့် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အမေရိကန်ပြည်ထောင်စုက လက်ရှိရင်ဆိုင်နေ ရတဲ့နိုင်ငံခြား ရေး ပေါ်လစီ အကဲဆတ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မစ္စတာ Tillerson ရဲ့ အတွေ့အကြုံ နည်းပါးမှုနဲ့ သမ္မတ Trump ရဲ့ လက်ရှိကမ္ဘာနဲ့ ကင်းကွာနေတဲ့ အမြင်ပေါင်းလိုက်ရင် အမေရိကန်နိုင်ငံခြားရေး ပေါ်လစီအနာဂတ်အတွက် ကျနော်ရင်လေးမိပါတယ်။”

ဒါ့အပြင် လက်ရှိ နိုင်ငံခြားရေးဌာနမှာ လက်ထောက်ဝန်ကြီးရာထူး အထက် ပုဂ္ဂိုလ်တွေကို ရာထူးကနေ အနားပေးဖို့ ညွန်ကြားထားပြီး ဖြစ်ကြောင်း၊ သံတမန်ရပ်ကွက်တွေမှာ သတင်းထွက်ပေါ်နေတဲ့အတွက်ကြောင့် နိုင်ငံခြားရေး အတွေ့အကြုံ နဲပါးသူ မစ္စတာ Tillerson အနေနဲ့ သူခန့်ထားမယ့် လူသစ်တွေအပေါ် အားထားရမှာ ဖြစ်ပါတယ်။

မစ္စတာ Tillerson ဟာ အာရှ ပစိဖိတ်ဒေသနဲ့ ပတ်သက်လို့လည်း ကျွမ်းကျွမ်းကျင်ကျင် သိရှိ နားလည်ထားသူ မဟုတ်တာကြောင့် အာရှဒေသနဲ့ အမေရိကန် ဆက်ဆံရေး ဘယ်လို ဖြစ်လာမလဲဆိုတဲ့အပေါ် အများက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံဟာ အရေးပါတဲ့ နိုင်ငံတခုအဖြစ် အမေရိကန် လွှတ်တော်က ယူဆထားပေမယ့်လည်း ဘယ်လို ဖြစ်လာမယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က ပြောပါတယ်။

“မသေချာမှုတွေကတော့ အများကြီး ရှိနေဆဲပါ။ နိုင်ငံခြားရေးဝန်ကြီး Clinton လက်ထက်တုန်းကတော့ အာရှ ပစိတ်ဖိတ်ဒေသကို အထူး စိတ်ဝင်တစား ရှိခဲ့တယ်။ သမ္မတ အိုဘားမားကလည်း ထိုးနည်း၎င်းပဲ။ ဒါပေမယ့် သမ္မတ Trump နဲ့ နိုင်ငံခြားရေး ဝန်ကြီးအသစ် လက်ထက်မှာတော့ အာရှပစိဖိတ်ဒေသအတွက်၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဖြေထွက်မလာပဲ မေးစရာ မေးခွန်းတွေက ပိုများနေတယ်။ ဘာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော် ကြိုမပြောချင်ပါဘူး။ မြန်မာနိုင်ငံဟာ အမေရိကန်ပါတီကြီး ၂ ခုစလုံးကလည်း စိတ်ဝင်တစားရှိသလို ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကလည်း အရေးပါတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် လက်ရှိပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်သွားမလား၊ ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး အသစ်က စိတ်ဝင်စားမှု ပြမပြဆိုတဲ့ကိစ္စကတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အမေရိကန်အစိုးကို ကိုယ်စားပြုတဲ့ ကောင်းမွန်တဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ သံရုံးရှိနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အကူအညီပေးနေတာတွေ အစိုးရသစ် လက်ထက်မှာ ပြောင်းလဲမသွားဘူးလို့တော့ မျှော်လင့်ရပါတယ်။”

သမ္မတ Trump အစိုးရကတော့ နိုင်ငံခြားအကူအညီ ပေးနေတာတွေကို ၄၀% လျော့ချသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သံအမတ်ကြီးဟောင်း Derek Mitchell ကတော့ မြန်မာနိုင်ငံအပေါ် ပေးနေတဲ့ အမေရိကန်ရဲ့ အကူအညီတွေ ရုတ်တရက် ပြောင်းလဲမှု ဖြစ်လိမ့်မယ်လို့ မထင်ကြောင်း ပြောပါတယ်။

မစ္စတာ Tillerson က နိုင်ငံတကာ သံတမန် အတွေ့အကြုံ မရှိသူတဦးဖြစ်တာကြောင့် သူက ခန့်အပ် တာဝန်ပေးမယ့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ အရေးပါတဲ့ ပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်လို့ Derek Mitchell က ပြောပါတယ်။

“သူ့လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ပေးအပ်ထားတဲ့ ဒေသအတွက် သံတမန်ရေးရာကိစ္စရပ်တွေကို အချိန်ပြည့် အာရုံစိုက် လုပ်ဆောင်ပြီး အသွားအပြန် လုပ်နေရမှာ ဖြစ်တဲ့အတွက် အဲဒီလူဟာ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလိမ့်မယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးကို တိုက်ရိုက် ပြောဆို အကြံပြု တင်ပြနိုင်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူ ဘယ်သူ ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ Texas ပြည်နယ် ဇာတိ Rex Tillerson ဟာ Austion ရှိ Texas တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ ရရှိကာ၊ ၁၉၇၅ ခုနှစ်မှာ ExxonMobil ကုမ္ပဏီမှာ အလုပ်စဝင်ခဲ့ပြီး ကုမ္ပဏီရဲ့ အကြီးဆုံးရာထူးအထိ ရောက်ရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ရာထူးကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ သံတမန်ရေး၊ အတွေ့အကြုံ မရှိသူတဦးဖြစ်ပေမယ့် Tillerson ဟာ သူ့ရဲ့ ExxonMobil ကုမ္ပဏီအတွက် ကြီးမားတဲ့ အောင်မြင်မှုရှိအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း၊ အခုချိန်မှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပင်ကိုယ် စွမ်းရည်တွေကို အမေရိကန်ပြည်သူတွေအတွက် အလုပ်ကျွေးပြုနိုင်တော့မှာဖြစ်ကြောင်း Texax ပြည်နယ်၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် John Cornyn က စောပိုင်းပြုလုပ်တဲ့ ကြားနာပွဲမှာတော့ ပြောကြားခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုပြီးနောက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အိမ်ဖြူတော်မှာ Tillerson ကို သမ္မတ Trump နဲ့အတူ ဒုတိယသမ္မတ Mike Pence က နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG