သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်ပစ်လွှတ်မှု အီရန်ကို အမေရိကန်သတိပေး


နိုင်ငံတော်လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Michael Flynn
နိုင်ငံတော်လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Michael Flynn

အီရန်ရဲ့ ပဲ့ထိမ်းတပ် ဒုံးကျည်ပစ်လွှတ်မှုအတွက် သမ္မတ Donald Trump ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Michael Flynn က ဗုဒ္ဓဟူးနေ့က အပြစ်တင် ရှုံ့ချလိုက်ပါတယ်။ အီရန်ဟာ နျူကလီယားဆိုင်ရာ ၂၀၁၅ ခုနှစ် အမေရိကန်နဲ့ တခြား အင်အားကြီး နိုင်ငံတွေနဲ့ ရထားတဲ့ သဘောတူညီမှု အတွက် အန္တရာယ်ရှိအောင် လုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး Michael Flynn က အီရန်ရဲ့ အခုလို ဒုံးကျည်ပစ်လွှတ်မှုကို ရှုံ့ချလိုက်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၆ လတုန်းက အမေရိကန်နဲ့ သူ့ရဲ့ဒေသတွင်း မဟာမိတ်တွေကို အီရန်က ခြိမ်းခြောက်တဲ့ လုပ်ဆောင်မှုတွေထဲက နောက်ဆုံးတခု ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ အီရန်ခေါင်းဆောင်တွေ အခုလို တိုးပြီးလုပ်ဆောင် လာရတဲ့အကြောင်းရင်းတွေထဲမှာ အခုရရှိထားတဲ့ နျူကလီယား သဘောတူညီမှုက အားပျော့နေသလို ထိရောက်မှု မရှိတာကြောင့် ဖြစ်သလို ဒီသဘောတူညီမှုမှာ ပါဝင်နေတဲ့ အခြား နိုင်ငံတွေက အီရန်ရဲ့ စစ်ရေးလက်နက် ပိုင်ဆိုင်လိုမှုနဲ့ လုပ်ဆောင်ချက်တွေကို သေသေချာချာ အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အီရန်ရဲ့ လုပ်ဆောင်မှုတွေအတွက် သမ္မတဟောင်း Barack Obama နဲ့ သူ့အစိုးရ အဖွဲ့ဝင်တွေကိုလည်း Flynn က အပစ်တင်ခဲ့ ပါတယ်။ လက်နက်တွေ လွှဲပြောင်းတာ၊ အကြမ်းဖက်မှုကို ထောက်ပံ့ပေးနေတာနဲ့ တခြား နိုင်ငံတကာ စံတွေကို ချိုးဖေါက်တာ အပါအဝင် အီရန်ရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် အိုဘားမား အစိုးရအဖွဲ့က ထိထိရောက်ရောက်တုန့်ပြန် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လည်း Flynn က သမ္မတအိမ်ဖြူမှာ ပြောကြားခဲ့တာပါ။

အီရန်ရဲ့ လုပ်ဆောင်မှုတွေဟာ အရှေ့အလယ်ပိုင်း ဒေသ လုံခြုံရေး၊ သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့အပြင် အမေရိကန် နိုင်ငံသားတွေရဲ့ အသက်ဘေးအတွက်ပါ အန္တရာယ် ဖြစ်စေတယ်လို့ Trump အစိုးရအဖွဲ့က အပစ်တင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အီရန်အပေါ် ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ Flynn က တိတိကျကျ မပြောကြား ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG