သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသ တည်ထောင်ခြင်း အထိမ်းအမှတ် ကျင်းပ


ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံတဲ့ ကျောင်းသားလူထုလှုပ်ရှားမှု (ဖေဖော်ဝါရီ ၈-၂၀၁၅) Photo Credit to James jfe ( ဗကသ)
ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံတဲ့ ကျောင်းသားလူထုလှုပ်ရှားမှု (ဖေဖော်ဝါရီ ၈-၂၀၁၅) Photo Credit to James jfe ( ဗကသ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို တည်ထောင်ခဲ့တာ ဒီနေ့မေလ ၈ ရက်မှာ (၈၈)နှစ်ပြည့်သွားပါပြီ။ ဗကသဟာ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်၊ တွန်းလှန်ခဲ့တာဖြစ်လို့ လက်ရှိမှာလည်း လမ်းကြောင်းတူပေါ်မှာ အတူလျှောက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တပ်ပေါင်းစုတည်ဆောက်ပြီး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းအပြည့်အစုံကို ကိုစည်သူ တင်ဆက်ထားပါတယ်။

၁၉၃၆ မေလ ၈ ရက်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကနေ ပေါ်ထွက်လာခဲ့တဲ့ ဗကသအဖွဲ့ချုပ်ဟာ ဒီနေ့ မေလ ၈ ရက် ဗုဒ္ဓဟူးနေ့မှာ ၈၈ နှစ်တင်းတင်း ပြည့်သွားပြီဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမားတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ ဩစတြေးလျ အပါအဝင် ပြည်တွင်းပြည်ပက တိုင်းရင်းသားပေါင်းစုံ လူငယ်အစည်းအရုံးတွေနဲ့ နိုင်ငံရေးပါတီတချို့က ဗကသအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်အတွက် ဂုဏ်ပြုသဝဏ်လွှာတွေ ဒီကနေ့ ပေးပို့ခဲ့ကြတာပါ။

အခုနှစ်ပတ်လည်နေ့အတွက် သက်ဆိုင်ရာနေရာတွေမှာ ကိုယ်စီလှုပ်ရှားမှုတွေလုပ်ခဲ့သလို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာလည်း ဗကသအဖွဲ့များအဖွဲ့ချုပ် ရန်ပုံငွေအတွက် အမှတ်တရလက်ဆောင် ရောင်းချတာတွေ လုပ်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဗကသရဲဘော်ဟောင်းတွေနဲ့ အင်တာဗျူးဖို့ စီစဉ်ထားတယ်လို့လည်း ဗကသအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ မခင်နီက ဗွီအိုအေကို ပြောပါတယ်။ လူထုက အထွေထွေအကျပ်အတည်းက တဖက်၊ စစ်မီးနဲ့ စစ်မှုထမ်းဥပဒေကတဖက် ဘက်ပေါင်းစုံက ကြုံနေရတဲ့အချိန်မှာ ပြန့်ကျဲနေတဲ့ လူထုရဲ့ မကျေနပ်ချက်တွေကို စုစည်းပြီး လူထုလှုပ်ရှားမှုတရပ်ကို ဖော်ဆောင်ရလိမ့်မယ်လို့ သူကပြောပါတယ်။

" ဗကသများအဖွဲ့ချုပ်က နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲထဲကနေ ပေါ်ထွက်လာပြီးတော့ ပြည်သူလူထုပေးတဲ့ အင်အားနဲ့ တိုက်ပွဲအလီလီကို ဆင်နွဲခဲ့တာဆိုရင် လက်ရှိအချိန်အထိ စစ်အာဏာရှင်အဆက်ဆက်ကိုလည်း တွန်းလှန်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စစ်တပ်က ဗကသဆိုရင်ကြောက်တယ်။ ကျောင်းသားတွေ စုစည်းမိမှာကိုကြောက်တယ်၊ ဗကသကျောင်းသားတွေ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပြည်သူလူထုနဲ့ ပေါင်းစပ်သွားနိုင်တာကို အရမ်းကြောက်ပါတယ်။ ဒါကြောင့်မို့လည်း စစ်တပ်ရဲ့ အရက်စက်ဆုံးနည်းလမ်းတွေနဲ့ နှိမ်နင်းတာကို ဗကသက သမိုင်းတလျှောက်မှာရော လက်ရှိအခြေအနေမှာရော ကြုံခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း ဗကသက လက်ရှိမှာ မြေအောက်ပုံစံနဲ့ လှုပ်ရှားနေပါတယ်။"

ဗကသအဖွဲ့ချုပ်အနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့ အဖွဲ့အစည်းတိုင်းကို မဟာမိတ်လို့သဘောထားပြီး ကျစ်လျစ်တဲ့တပ်ပေါင်းစု တည်ဆောက်သွားဖို့ ကြိုးစားနေတယ်လို့ သူကပြောပါတယ်။

"လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စနစ်တကျ ပေါင်းစပ်နိုင်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖြုတ်ချနိုင်မယ်လို့ ကျမတို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်ပါတယ်။ လူထုကိုဖိနှိပ်နေမှုအားလုံးရဲ့ လက်သည်တရားခံဖြစ်တဲ့ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖြုတ်ချပြီးတော့ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲကို ဆက်လက်ဆင်နွဲနိုင်ဖို့ ကျမတို့ အမြဲပြင်ဆင်နေပါတယ်။"

၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်တဲ့ ပထမကျောင်းသားသပိတ်ဖြစ်ပွားခဲ့ပါတယ်၊ အဲဒီနောက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုနုနဲ့ အတွင်းရေးမှူး ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်မှုနဲ့ ၁၉၃၆မှာ ဒုတိယကျောင်းသားသပိတ် ဖြစ်လာပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ All Burma Students Union (ဗကသ) ကို ပထမဆုံးညီလာခံလုပ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီနောက် ဗကသအဖွဲ့ချုပ်က ရေနံမြေသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ လူထုအထွေထွေသပိတ် စတဲ့နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ပြီး ၁၉၅၁ အရောက်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- All Burma Federation of Student Union- ABFSU နာမည်နဲ့ ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဗကသရဲ့ ရှစ်ကြိမ်မြောက် ညီလာခံကနေ အတည်ပြုခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေး စတဲ့မူ(၅)ချက်နဲ့ လူထုဘက်က ရပ်တည်ခဲ့တာ ဒီနေ့အချိန်အထိ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG