IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ အဖွဲ့ရဲ့ ဝါဒဖြန့်ချိရေး အကြီးအကဲလည်း ဖြစ်တဲ့အပြင် ဥရောပတိုက်အတွင်းမှာ IS အဖွဲ့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ရေး လူသစ် စုဆောင်းသူလည်း ဖြစ်သူဟာ ဆီးရီးယားနိုင်ငံ Aleppo ခရိုင်အတွင်းမှာ သေဆုံးသွားပြီလို့ ဆီးရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Aleppo မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို တွန်းလှန်နိုင်ဖို့ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို စစ်ဆေးနေရင်း အဲဒီ Abu Muhammad al-Adnani ဆိုသူ အင်္ဂါနေ့က သေဆုံးသွားခြင်းဖြစ်ကြောင်း IS အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
IS အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပစ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံအတွင်းက al Bab ဒေသမှာ အင်္ဂါနေ့ အစောပိုင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိက ပြောပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုဟာ Adnani ကို ပစ်မှတ်ထားခဲ့သလား၊ ဒါမှမဟုတ် အဲဒီ တိုက်ခိုက်မှုကြောင့် Adnani သေဆုံးသွားသလားဆိုတာကိုတော့ အဲဒီအရာရှိက ပြောကြားခဲ့ခြင်း မရှိပါဘူး။ တိုက်ခိုက်မှုရဲ့ ရလဒ်ကို အမေရိကန် အရာရှိတွေအနေနဲ့ စမ်းစစ်နေတုန်းပဲလို့ သူက ပြောပါတယ်။
Adnani ကို ဖမ်းမိအောင် သတင်းပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက မနှစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ တန်ဖိုးကြီးတဲ့ IS အဖွဲ့ဝင်တွေကို Aleppo ခရိုင်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်လံ စုံစမ်းနေခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ Adnani ပါ မပါ ဆိုတာကို အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။