သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစေတနာ့ဝန်ထမ်း အမေရိကန် ၆ ဦး အာဖဂန်မှာအသတ်ခံရ


အာဖဂန်နိုင်ငံမြောက်ပိုင်း အစွန်အဖျားဒေသမှာ ရောက်နေတဲ့ နိုင်ငံတကာ International Assistant Mission ခရိယာန်လူမှုကူညီရေး အဖွဲ့ထဲက အမေရိကန်နိုင်ငံသား၆ဦး၊ ဂျာမဏီနိုင်ငံသားတဦး၊ ဗြိတိန်နိုင်ငံသားတဦးနဲ့ အာဖဂန်စကားပြန် ၂ဦး အပါအဝင် စုစုပေါင်း ၁၀ဦးကို စစ်သေးွကြွတွေက စနေနေ့မှာသတ်ပစ်ခဲ့ပါတယ်။ VOA သတင်းထောက် Sean Maroney က အစ္စလာမာဘတ်မြို့ကနေ သတင်းပို့ထား တာကို ဒေါ်ခင်မျိုးသက်ကတင်ပြပေးထားပါတယ်။

IAM နိုင်ငံတကာခရစ်ယန် ကုသိုလ်ဖြစ်အဖွဲ့ရဲ့ ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ဝင်တွေဟာ မြောက်ပိုင်းက Nuristan ခရိုင်မှာ ရှိတဲ့ မျက်စိဆေးခန်းကနေ ကဘူးမြို့ကိုအပြန် လမ်းမှာအခုလို အဖွဲ့ဝင်တွေထဲက အမျိုးသမီးတွေအပါအဝင် အသတ်ခံခဲ့ ရတာဖြစ်တယ်လို့ အဖွဲ့တာဝန်ခံတွေက ပြောပါတယ်။

ဒီအကြမ်းဖက်မှုအတွက် တာလီဘန်တွေက သူတို့်လုပ်ဆောင်ချက်ဖြစ်ကြောင်းကြေငြာပါတယ်။ သူတို့ဟာ ခရိယာန်သာသနာပြု အဖွဲ့အစည်းကလူတွေ ဖြစ်တာမို့ အခုလို သတ်ဖြတ်ခဲ့တယ်လို့လည်း တာလီဘန် အဖွဲ့ပြောခွင့်ရက သတင်းဌာနတွေကိုပြောပါတယ်။

ဒီအဖွဲ့နဲ့အတူလိုက်ပါသွားတဲ့ အာဖဂန်တယောက်ကတော့ သူက ကိုရမ်ကျမ်းစာထဲက စာပိုဒ်တွေကို တတွတ်တွတ်ရွတ်နေပြီး သူဟာ မူစလင်တယောက်ပါလို့ ပြောတဲ့အတွက် သူ့ကိုချမ်းသာပေးခဲ့တယ်လို့ဆိုပါတယ်။

သူတို့အဖွဲ့ဟာ ခရစ်ယန်သာသနာပြုဖို့လာခဲ့တယ်လို့ တာလီဘန်တွေစွပ်စွဲတာဟာ မဟုတ်မှန်ဘူးလို့ IAM အဖွဲ့ ညွှန်ကြားရေးမှုး Dirk Frans ကပြောပါတယ်။

“ကျွန်တော်တို့မှာ လုံခြုံရေးအတွက် အစောင့်တွေလည်းမပါပါဘူး။ ကျွန်တော်တို့အဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေ ပေးနေတာ သက်သက်ပါ။ ဒါကြောင့် လက်နက်ကိုင်အစောင့်တွေလည်း တယောက်မှမရှိပါဘူး။ ကျွန်တော်တို့ကလည်း ဘယ်လိုလက်နကမျိုးကိုမှ ကိုင်ခွင့် မပြုပါဘူး။”

ဒီအဖွဲ့ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာထဲမှာတော့ သူတို့အဖွဲ့ဟာ ခရစ်ယန်အဖွဲ့အစည်းတခုဖြစ်ပြီး သူတို့ရဲ့ အဓိကတန်ဖိုးထားတဲ့ ခံယူချက်တွေထဲမှာ ဘုရားသခင်အလိုတော်အတိုင်းပဲလို့ ယေရှုသခင်အပေါ်အားထားချက်ကို ဖေါ်ပြထားပါတယ်။ ဒါ့ပြင် သူတို့အဖွဲ့ဟာ အကူညီပေးတဲ့နေရာမှာ ဘာသာအယူဝါဒ အသားရောင်ခွဲခြားမှု လုံးဝမထားပဲ နိုင်ငံရေးရှုဒေါင့်ကဖြစ်စေ ဘာသာရေးရှုဒေါင့်ကဖြစ်စေ ရပ်တည် ဆောင်ရွက်တာမျိုး လုံးဝမလုပ်ဖို့ ခံယူချက်ရှိကြောင်းလည်းဖေါ်ပြထားပါတယ်။

IAM အဖွဲ့ဟာ အာဇဂန်အစိုးရရဲ့ ပန်ကြားမှုနဲ့ နိုင်ငံတွင်း မျက်စိကုသ စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ၁၉၆၆ခုနှစ် ကတည်းကစတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေးရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ တာဝန်ယူကုသပေးရေး၊ အကြောအဆစ်ဆိုင်ရာ ရောဂါကုသပေးရေး၊ အင်္ဂလိပ်စာပေသင်ကြားရေးနဲ့ အာဖဂန်လူမှုအသိုက်အဝန်း တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းရပ်တွေ မှာ အကူညီတွေပေးခဲ့ပါတယ်။

တာလီဘန်တွေဟာ ဘာဒက်ရှမ်းခရိုင်ထဲက သစ်တောထူထပ်တဲ့ နေရာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ်ကျည်ဆန်ရာတွေနဲ့ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို သောကြာနေ့မှာ တွေ့ရှိခဲ့တာလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဒီတောအုပ်ဟာ အန္တရာယ်သိပ်များတယ်လို့ IAM အဖွဲ့ကို ဒေသခံတွေက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့အဖွဲ့သားတွေကတော့ ဒီတောအုပ်ဟာ သူတို့အတွက် အန္တရယ်မရှိဘူးလို့ ယူဆပြီး ကာဘူးအပြန်လမ်းကို ဒီခရီးကိုရွေးခဲ့တယ်လို့ အဖွဲ့ တာဝန်ခံ Frans က AP သတင်းဌာနကို ပြောပါတယ်။ ဘာဒက်ရှမ်းခရိုင် လက်ထောက်အုပ်ချုပ်ရေးမှုး ရှမ်း အာ ရာမန်ရှမ်းကို VOA ကဆက်သွယ်မေးမြန်းရာမှာတော့

“ဘာဒက်ရှမ်းခရိုင်ရဲ့ လုံခြုံရေးအနေထားဟာ သိပ်ကောင်းတတ်ပါတယ်။ ဒါပေမဲ့ မကြာခင်လတွေအတွင်းမှာပဲ မလုံမခြုံဖြစ်လာခဲ့တာပါ လို့ ဒါရီဘာသာနဲ့ပြောသွားတာပါ။ ဒီလို အကြမ်းဖက်မှု တွေရှိနေတယ်ဆိုပေမယ့် အာဖဂန်တပ်တွေက သူပုန်တချို့ကိုတော့ အသေမိတာတွေ ရှိခဲ့ပါတယ်လို့လည်းပြောပါတယ်။”

အာဖဂန်နစ္စတန်နိုင်ငံ ရဲ့လုံခြုံရေးအခြေအနေတွေဟာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ၂၀၀၁ခုနှစ်မှာ တာလီဘန်တွေကို ဖြုတ်ချခဲ့တဲ့ အချိန်ကတည်းကဆိုရင် အခု အဆိုးဝါးဆုံးအခြေနေကိုရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ဇူလိုင်လဟာ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ တွေ အသေပျောက်အများဆုံးလဖြစ်ပြီး စုစုပေါင်း ၆၆ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG