သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင်တွေ အမှု AHRC ဝေဖန်


တကသကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ ရုံးထုတ်လာစဉ်။
တကသကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ ရုံးထုတ်လာစဉ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ လှုပ်ရှား တက်ကြွသူတွေကို ပုဒ်မအမျိုးမျိုးနဲ့ စွပ်စွဲပြီး တရားရုံးများစွာမှာ ရုံးထုတ်စစ်ဆေးနေတဲ့ လုပ်ရပ်ဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ ဟောင်ကောင် အခြေစိုက် AHRC လူ့အခွင့်အရေးကော်မရှင်က မနေ့ကပြောကြားလိုက်ပါတယ်။ ဒါဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အနေနဲ့ သူတို့ လက်ထက် မှာ ကျောင်းသားတွေဟာ မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးနဲ့ လုပ်ဆောင်နေတယ်လို့ မြင်ကြောင်း AHRC ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ ကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်တဲ့ အရေးပေါ်ကြေညာချက်မှာ မနှစ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီးခံထားရပြီး အမှုပေါင်းများစွာနဲ့ စွပ်စွဲခံထားရတဲ့ ကျောင်းသားခေါင်းဆောင် (၃)ဦးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။ တက္ကသိုလ်ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ ကိုနန်လင်းတို့ သုံးဦးကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ သူတို့ကို ငြိမ်းစုစီပုဒ်မ (၁၈) အပြင် နောက်ထပ် ပုဒ်မ ၅၀၅ (ခ) အများပြည်သူမငြိမ်မသက်ဖြစ်အောင် ဆူပူလှုံဆော်တဲ့ အမှု နဲ့လည်း အာဏာပိုင်တွေက စွပ်စွဲထားတယ်လို့ AHRC ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ကျောင်းသားတွေ ရုံးထုတ်
ကျောင်းသားတွေ ရုံးထုတ်

အလားတူ ၂၀၁၅ခုနှစ်က လက်ပံတန်း ပညာရေးသပိတ်စစ်ကြောင်း ဦးဆောင် ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင်နဲ့ ကိုလင်းထက်နိုင် တို့ကိုလည်း ပုဒ်မ (၁၈) အပြင် အခြားပုဒ်မတွေဖြစ်တဲ့ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ စတာတွေနဲ့လည်း မြို့နယ်တရားရုံး (၂၀)ကျော်မှာ အာဏာပိုင်တွေက စွဲဆိုထားတာဖြစ်ပါတယ်။

ရုံးထုတ်
ရုံးထုတ်

အခုလိုကျောင်းသားတွေအပေါ် စွပ်စွဲထားတဲ့အမှုတွေဟာ တရားဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ AHRC ရဲ့မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦး ကပြောပါတယ်။

" အစိုးရအဖွဲ့ဝင်ကိုယ်တိုင်ကိုက အရေးမယူပါဘူးလို့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ကို ဖောက်ဖျက်ပြီးတော့ အခုလို ဖမ်းဆီးထားခြင်းက လုံးဝကို မှားယွင်းတယ်။ အစိုးရတရပ်ရဲ့တာဝန်ယူမှု တာဝန်ခံမှု လုံးဝ ကင်းမဲ့နေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပထမ ပြောချင်တယ်။ နောက်တချက်ပြောချင်တာက လက်ပံတန်းကျောင်းသားတွေ ဖြစ်တဲ့ ကိစ္စမှာ မြို့နယ်တွေအလိုက် အခုစွဲဆိုနေတဲ့ ကိစ္စရပ်က လူတယောက်ကို ဓားနဲ့ အချက်ငါးဆယ်ထိုးရင် တချက်ကို ငါးနှစ်ကျမယ် အချက်ငါးဆယ်ဆိုရင် နှစ် ၂၅၀ ချမယ့် သဘောမျိုး ဖြစ်တဲ့ ရည်ရွယ်ချက်မျိုး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက ကျနော်တို့ ဥပဒေပြဋ္ဌာန်းချက်အရဆိုလို့ရှိရင် လုံးဝကြီးကို မှားယွင်းနေတဲ့ ပြဋ္ဌာန်းချက်မျိုး ဖြစ်တယ်။"

ကျောင်းသားတွေ ရုံးထုတ်
ကျောင်းသားတွေ ရုံးထုတ်

ဥပဒေပညာရှင်အနေနဲ့ အခုလိုကျောင်းသားခေါင်းဆောင်တွေကို စွပ်စွဲချက်ပေါင်း များစွာနဲ့ တရားရုံး (၂၀)ကျော်မှာ နေ့စဉ်ရုံးထုတ်နေတဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ဟာ ဘာကြောင့်လဲလို့မြင်လဲရှင့်။

" ကျောင်းသားတွေက မိမိတို့ရဲ့ အနာဂတ်အတွက် လွတ်လပ်စွာ ပညာသင်ယူခွင့် ရှိရမယ်။ မိမိတို့အနာဂတ်ကို မိမိတို့ ဖန်တီးနိုင်တဲ့ ပညာရေးစနစ်မျိုး ဖြစ်ရမယ် ဆိုတဲ့ အမြင်ကို မိဘတွေနဲ့ ကျောင်းသားထု သိအောင် မျက်လုံးဖွင့်ပေးလိုက်တာဖြစ်တယ်။ အဲ့ဒီ့လို မျက်လုံးဖွင့်ပေးလိုက်တာက ကျနော်တို့ ယခင်အစိုးရရဲ့ အရှိုက်ကို ထိုးသလိုမျိုး ဖြစ်တယ်ဆိုတာကို ကျျနော်တို့ မြင်ရတယ်။ ထိုနည်းတူစွာပဲ ကိုနေမျိုးဇင်တို့လို တက်ကြွလှုပ်ရှားသူတွေကလည်း လက်ပံတောင်းတောင် အရေးကို နိုင်ငံတကာက အာရုံစိုက်ပြီး ကြည့်လာရတဲ့အထိ လုပ်ခဲ့တဲ့အတွက် အခုလိုမျိုး အငြိုးအတေးတွေနဲ့ အခုလိုမျိုး အမှုတွေ ထပ်ခါထပ်ခါ စွဲဆိုပြီး နောက်ဆုံး ငါတို့ ထွက်သွားတဲ့အချိန်မှာ မင်းတို့ကို ရသလောက်တော့ အပြစ်ပေးဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဟန်တူတယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။"

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး ကာလရောက်နေပေမဲ့ လည်း လူ့အခွင့်အရေး အခြေအနေတွေ ဆက်ပြီးဆိုးရွားနေ တာကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အခွင့်အာဏာကို အရင်နှစ်တွေအတိုင်း မတ်လမှာကျင်းပမယ့် လူ့အခွင့်အရေးကောင်စီညီလာခံကနေ သက်တမ်းတိုးပြီး ဆက်လက်ထားရှိဖို့မြန်မာလူထုအခြေပြုအဖွဲ့ပေါင်း (၅၀)ကျော်က လက်မှတ်ရေးထိုးတောင်းဆိုထားတဲ့စာကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မနေ့က ပေးပို့ခဲ့ပါတယ်။

XS
SM
MD
LG