သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးသည် ကန်လေယာဉ်ပေါ်က ဆင်းပြေး


မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County Sheriff's Office က ထုတ်ထားတဲ့ ကိုထွန်းလုံစိန် ဓာတ်ပုံ။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County Sheriff's Office က ထုတ်ထားတဲ့ ကိုထွန်းလုံစိန် ဓာတ်ပုံ။

အမေရိကန် လေကြောင်း (AA) ပိုင် လေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည် တဦးဟာ ကြာသပတေးနေ့က မြောက် Carolina ပြည်နယ်က Charlotte Douglas နိုင်ငံတကာ လေဆိပ်မှာ လေယာဉ်ပျံတက်ဖို့ ပြင်နေစဉ်မှာပဲ လေယာဉ်မယ်ကို ကိုက်ဖို့ ကြိုးစားခဲ့ပြီး လေယာဉ်ပေါ်ကနေ ခုန်ချထွက်ပြေးခဲ့တဲ့ အတွက် သူ့ကို ဥပဒေချိုးဖောက်မှုနဲ့ လေကြောင်း တာဝန်ရှိသူတွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သူဟာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသက ကရင်လူမျိုးတဦး ဖြစ်ပြီး နာမည်က ကိုထွန်းလုံစိန် Tun Lon Sein ဖြစ်ပါတယ်။

သူဟာ အင်္ဂလိပ်စကား သိပ်မပြောနိုင်တဲ့ အတွက် သူဘာကြောင့် အခုလို လုပ်ရတယ်ဆိုတာ မသိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့မှာ တရားရုံး ထုတ်ဖို့ လုပ်ခဲ့ပေမယ့် ကရင်စကားပြော စကားပြန် မရသေးတဲ့ အတွက် သူ့အမှုကို ကြားနာမယ့် ရက်ကို ရွှေ့ဆိုင်းခဲ့ တယ်လို့ CNN သတင်းမှာ ဖေါ်ပြထားပါတယ်။

သူဟာ CRJ 200 ဂျက်လေယာဉ် အမျိုးအစားနဲ့ အမေရိကန် လေကြောင်း ခရီးစဉ် အမှတ် 5242 မှာ လိုက်ပါလာသူ ဖြစ်ပြီး လေယာဉ်က ပြေးလမ်းပေါ် တက်ဖို့ လုပ်နေချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ထိုင်နေရာကထ လေယာဉ် တံခါးမကြီးဆီ သွားပြီး ဖွင့်ဖို့ ကြိုးစားချိန်မှာ လေယာဉ်မယ်က တားခဲ့တာ ဖြစ်ပြီး ကျန် ခရီးသည် ၂ ဦးကလည်း သူတို့နေရာ ကနေ ထလာပြီး ကူညီခဲ့တာပါ။

သူဟာ လေယာဉ်မယ်ကို ကိုက်ဖို့ ကြိုးစားပြီး တံခါးပေါက် တခုကနေ လေယာဉ်ပြေးလမ်းပေါ် ခုန်ဆင်း သွားတာ ဖြစ်ပါတယ်။ သူ့ကို လေဆိပ်ဝန်ထမ်း တွေက ဝိုင်းဖမ်းပြီး ဆေးရုံ ပို့ခဲ့ကြတာပါ။ သူဟာ အမေရိကန် နိုင်ငံထဲကို နယူးဂျာစီ ပြည်နယ် Newark လေဆိပ်ကနေ ဝင်ရောက်လာသူဖို့ အခု Charlotte လေဆိပ်မတိုင်ခင် လေယာဉ် ၂ ဆင့် ပြောင်းပြီး စီးခဲ့ရတာမို့ လေယာဉ်ပျံ စီးသူတွေ လိုက်နာရမယ့် စည်းကမ်းတွေ သူသိပြီးသားလို့ အာဏာပိုင်တွေ ယုံကြည် ကြပါတယ်။

အမေရိကန် လေကြောင်းလိုင်း ကတော့ ခရီးသည်တဦးရဲ့လုံခြုံရေး ဆိုင်ရာ ဖြစ်ရပ်တခုလို့ ကြေညာချက် ထုတ်ခဲ့ပြီး လေယာဉ်ဟာ မူလ ဂိတ်ကို ပြန်မောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီလေယာဉ်အတွက် ပြန်လည် စစ်ဆေးမှုတွေ အပြီး မြောက် Carolina ပြည်နယ် New Bern ကိုဆက်သွား ရတဲ့ ခရီးစဉ်ကို နောက် တနာရီခွဲ နောက်ကျပြီး ထွက်ခွာ နိုင်ခဲ့တယ်လို့ လည်း ပြောပါတယ်။ သူ့ရဲ့ လေယာဉ် ဝန်ထမ်းတွေကို နှောက်ယှက်မှု အတွက် နောက်ရုံးချိန်းက ဇွန်လ ၁ ရက် ကြာသပတေးနေ့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG