သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်း၊ ကျောက်ထုမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးထက်အနည်း သေဆုံး


မကွေးတိုင်းဆောမြို့နယ် အကြည်ပန်းပလွန်းကျေးရွာ‌ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများကိုတွေ့ရစဉ် (မေ ၉၊၂၀၂၄)
မကွေးတိုင်းဆောမြို့နယ် အကြည်ပန်းပလွန်းကျေးရွာ‌ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများကိုတွေ့ရစဉ် (မေ ၉၊၂၀၂၄)

မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းဝေးလုပ်နေချိန် စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ချင်းပြည်နယ် ကျင်ဒွေးမြို့အနီးမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက အခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက အကြည်ပန်းပလွန်းကျေးရွာက ဘုန်းကြီးကျောင်းမှာ မေ ၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ လူထုနဲ့တွေ့ဆုံပြီး အစည်းဝေးလုပ်နေချိန် စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၅ ဦးထက် မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရပြီး လူသေဆုံးတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီနေသူ တဦးက အခုလို ပြောပြပါတယ်။

"အဖွဲ့အစည်းတခုက အစည်းဝေးလုပ်တာ အစည်းဝေးလုပ်တဲ့နေရာကို ဘုန်းတော်ကြီးကျောင်းမှာလုပ်တာ။ အဲ့အချိန်မှာ ပထမဆုံး ဒရုန်းတွေဝဲနေတာ။ ၁၁ နာရီလောက် ဘုန်းကြီးဆွမ်းစားပြီးနေပြီ။ အဲ့မှာ ပထမဆုံး ပေါင် ၅၀၀ အလုံးနဲ့ လာပစ်တယ်။ နောက်တကြိမ်မှာ မီးလောင်ဗုံးနဲ့ လာပစ်တယ်လို့ အဲ့လိုသိရတယ်ရှင့်။ သေဆုံးက လောလောဆယ်မှာ ၂၀ ဝန်းကျင်လို့ ခန့်မှန်းတာပေါ့နော်။ လက်တွေ့ သဂြိုလ်ထားတာတော့ ၁၅ လောင်း သဂြိုလ် ပြီးပြီပေါ့။ ဆွဲထုတ်လို့ရတာတွေက အလောင်း ၂၀ လောက် ရှိတယ်လို့ ပြောတာပဲ။ ဆေးရုံဆေးခန်းရောက်နေတာတွေကလည်း ကျွန်မတို့က ခွဲပို့ထားရတာဆိုတော့လေ ၃၀ လောက်တော့ မှန်းတယ်ရှင့်"

တော်လှန်ရေး တပ်ဖွဲ့တွေဟာ ကားသမားတွေနဲ့ တွေ့ဆုံပွဲလုပ်ပြီး ဆွေးနွေးနေချိန် အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၃ လုံး ပျက်စီးခဲ့သလို သေဆုံးသူအရေအတွက် နောက်ထပ် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဧပြီ ၁၁ ရက်ကလည်း မကွေးတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက ပြည်သူ့အုပ်ချုပ်ရေး ရုံးဖွင့်ပွဲကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၇၀ နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါသေးတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ဘက်မှာဆိုရင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကျင်ဒွေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ရှိနေပါသေးတယ်။ ကျင်ဒွေးမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့လို့ ဆုတ်ခွါသွားတဲ့ စစ်တပ်နဲ့ ကျင်ဒွေးမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။

တိုက်ပွဲအခြေနေတွေကိုတော့ ချင်းညီနောင်တပ်ဖွဲ့က တာဝန်ရှိသူ တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"မြို့သိမ်းတဲ့အချိန်ကနေ သူတို့ မြို့ကို သိမ်းတဲ့နေရာကနေ တပ်ဆုတ်သွားတဲ့ဟာရှိတယ်။ စစ်ကောင်စီက တပ်ဆုတ်တဲ့နေရာမှာ တောထဲဘက်ပေါ့ တပ်ဆုတ်သွားတာတွေရှိတယ်။ အဲ့မှာ လေကြောင်းက ချတဲ့ဟာတွေနဲ့ စုပေါင်းပြီးတော့မှ သူတို့တပ်ဆုတ်တဲ့သူတွေနဲ့ ဆုပေါင်းပြီးတော့မှ သူတို့တွေ တောထဲတွေမှာရှိကြသေးတယ်။ အဲ့ဒါကို သူတို့နဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ ကျွန်တော်တို့နဲ့ ထိတွေ့မှု ဆက်လက်ဖြစ်နေတာပေါ့။ လေကြောင်းက တောက်လျှောက်ကူနေတယ်။ ဆက်လက်ပြီးမှဖြစ်နေတယ်။ ဆက်လက်ပြီးမှ ပြင်းထန်နေတယ်။"

ကျင်ဒွေးမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။ စစ်တပ်ဘက်က အသေအချာ ခံစစ် အခိုင်အမာ ပြင်ဆင်ကာ လက်နက်ကြီး ပစ်ကူတွေအပြင် လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၂ လကျော် ၃ လ နီးပါး တိုက်ခိုက်ခဲ့ရတဲ့ မြို့လည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျင်ဒွေးမြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့နေရာတော်တော်များများက နေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကျင်ဒွေးမြို့ဟာ စစ်တပ် ထောက်ခံသူ အများစုရှိပြီး ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က စစ်ရေးအရ အချက်အခြာကျတဲ့မြို့လည်းဖြစ်ပါတယ်။ ကျင်ဒွေးမြို့ကို ကန်ပက်လက် CDF နဲ့အတူ ချင်းညီနောင်တပ်ဖွဲ့တွေအပြင် ယောကာကွယ်ရေးတပ်ဖွဲ့၊ AA အာရက္ခတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ပြီးခဲ့တဲ့ မေလ ၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG