သုံးရလွယ်ကူစေသည့် Link များ

Aleppo မြို့ အပစ်ရပ်အစီအစဉ် လုံခြုံရေးကောင်စီမှာ မဲခွဲမည်


Aleppo မြို့

ဆီးရီးယားနိုင်ငံမြောက်ပိုင်း Aleppo မြို့မှာ ၇ ရက်ကြာ အပစ်အခတ် ရပ်စဲပြီး လူသားချင်းစာနာမှု အကူအညီတွေ အကန့်အသတ်မရှိ ဖြန့်ဝေပေးနိုင်ရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ တနင်္လာနေ့ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါး ပြည်တွင်းစစ် မစတင်ခင်အချိန်အထိ Aleppo မြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ပါ။ ဒါပေမဲ့ လောလောဆယ် မှာတော့ ရုရှား အထောက်အကူပေးထားတဲ့ ဆီးရီးယားအစိုးရစစ်တပ်က မြို့ရဲ့အရှေ့ခြမ်းကို ထိန်းချုပ်ထားတဲ့ သူပုန်အဖွဲ့တွေ လက်ထဲကနေ နယ်မြေတွေ ပြန်လည် သိမ်းယူဖို့ အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့နေရာ ဖြစ်ပါတယ်။

အီဂျစ်၊ စပိန်နဲ့ နယူးဇီလန်နိုင်ငံတွေ ဦးဆောင် ရေးဆွဲတဲ့ ဒီဆုံးဖြတ်ချက် မူကြမ်းထဲမှာတော့ တိုက်ခိုက်မှုတွေ ၇ ရပ်ကြာ ရပ်စဲဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းထားပြီး၊ အစိုးရနဲ့ သူပုန် နှစ်ဘက်စလုံးက ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ဖြစ်စေတဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ အပါအ၀င် ဘယ်လို လက်နက်မျိုးနဲ့မှ တိုက်ခိုက်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

အရင်က ရယူခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာလိုပဲ အခုတကြိမ် သဘောတူညီချက်မှာလည်း IS လို စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုတွေ အကြုံးဝင်မှာ မဟုတ်ပါဘူး။ အရင်က အပစ် ရပ်စဲမှုတွေကြောင့် အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ အရပ်သားပြည်သူတွေ အတွက် အကူအညီတချို့ ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ လူပေါင်း ၄ သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဆီးရီးယားစစ်ပွဲ အဆုံးသတ်နိုင်အောင်တော့ ဘာမှ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးပါဘူး။

XS
SM
MD
LG