သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး နောက်ပြန်ဆုတ်နေကြောင်း Amnesty International ထုတ်ပြန်


လုံခြုံရေးတပ်ဖွဲ့အပေါ် တာဝန်ယူမှု ပျက်ကွက်နေပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပေါ် အစိုးရတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အရှေ့တောင်အာရှတိုက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကြီးက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာလည်း အစိုးရသစ်လက်ထက်မှာ တိုးတက်တဲ့အပိုင်းနဲ့ ဆုတ်ယုတ်တဲ့အပိုင်း ၂ မျိုးစလုံး ဒွန်တွဲ ဖြစ်ပေါ်နေတေယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်တဲ့ ဥပဒေတွေကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ကြတာကြောင့် အာရှနဲ့ ပစိဖိတ်ဒေသအတွင်းမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး ဆုတ်ယုတ် ကျဆင်းလာနေကြောင်း Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကြီးက နိုင်ငံပေါင်း ၁၅၉ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို သုံးသပ်ထားတဲ့ နှစ်ပတ်လည် အစီရင်ခံမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာပေမယ့် လူ့အခွင့်အရေးကိစ္စရပ်တွေမှာ တိုးတက်မလာပဲ ပြောင်းပြန် ပြန်သွားနေတာကို တွေ့ရကြောင်း Amnesty ရဲ့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ပြောင်းပြန် ပြန်သွားနေတဲ့ ကိစ္စတွေထဲမှာ တက်ကြွလှုပ်ရှားသူတွေကို နှောက်ယှက်မှုပြုတာတွေနဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေ ပါဝင်ကြောင်း Amnesty ရဲ့ တောင်အာရှနဲ့ ပစိဖိတ်ရေးရာ ညွန်ကြားရေးမှူး Champa Patel က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရိုဟင်ဂျာတွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် အစိုးရတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ နိုင်ငံတွေမှာလည်း ပြည်သူတွေက သူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့်တွေကို ကျင့်သုံးယုံနဲ့တင် မရပ်မနား ခြိမ်းချောက်၊ ဖမ်းဆီး အပြစ်ပေး ခံနေကြရတယ်လို့လည်း Champa Patel က ပြောပါတယ်။

ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်မှုရော၊ ဆုတ်ယုတ်မှုရော ၂ မျိုးစလုံး ဒွန်တွဲ ဖြစ်ပေါ်နေတယ်လို့ AAPP-B နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်အသင်း (မြန်မာနိုင်ငံ) က တွဲဘက် အတွင်းရေးမှူးလည်းဖြစ်၊ ကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။

“တိုင်းပြည်အတွင်းက တချို့ဒေသတွေမှာ တိုးတက်မှုတွေရှိပေမဲ့လည်း ကချင်နဲ့ ရှမ်းပြည်နယ်လို တချို့ဒေသတွေမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေတာ၊ နောက် တရားမဝင် လယ်ယာမြေ သိမ်းဆည်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာတွေကြောင့် အခြေအနေတွေ တိုးတက်လာတာကို မတွေ့ရသေးပါဘူး။”

NLD အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ ပြန်လွတ်ပေးခဲ့ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၈၆ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး တခြား ၂၀၀ လောက်ဟာလည်း စွဲချက်တင်ခံထားရတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

အရှေ့တောင်အာရှတိုက်အတွင်း လူ့အခွင့်အရေးတွေ တဖြည်းဖြည်း လျော့ကျလာနေကြောင်း၊ အထူးသဖြင့် အရပ်ဖက် လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ လျော့ကျလာနေကြောင်း ICJ နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင်က Sam Zafiri က ပြောပါတယ်။

ကမ္ဘောဒီးယားအာဏာပိုင်တွေဟာလည်း တရားစီရင်ရေးစံနစ်ကို အလွဲသုံးစားပြုပြီး လူထုအခြေပြု အဖွဲ့အစည်းတွေကို အပြစ်ပေး အရေးယူတာ၊ သူတို့ရဲ့ အသံတွေ တိတ်သွားအောင် လုပ်ဆောင်တာတွေကို ပြုလုပ်နေကြောင်း Amnesty က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နိုင်ငံရေး သုတေသီ Kem Ley ဆိုသူဟာ နေ့ခင်းကြောင်တောင်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ဖြစ်ရပ်မှာ အစိုးရရဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ တနှစ်အတွင်း အရှေ့တောင်အာရှမှာ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုနဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ လူ့အခွင့်အရေး အလားအလာဟာလည်း စိုးရိမ်ဖွယ်ကောင်းကြောင်း FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က အတွင်းရေးမှူးချုပ် Debbie Stothard က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူ့အဖွဲ့အစည်းအကျိုး ဆောင်ရွက်သူတွေကို အစိုးရက ပစ်မှတ်ထား အရေးယူတာ တွေ့ရပါတယ်။ သူတို့ဟာ ဘာဥပဒေမှ ချိုးဖောက်တာမဟုတ်ဘဲ လူ့အခွင့်အရေးအကြောင်း လူသိရှင်ကြား ပြောကြတဲ့အတွက် စစ်အစိုးရက ချမှတ်တဲ့ဥပဒေအရ အရေးယူတာပါ။ ဒီလိုနည်းနဲ့ လွတ်လပ်မှုကို နှိပ်ကွပ်တာမို့ ဒါဟာ သိပ်ကို ဆိုးရွားပါတယ်။”

မလေးရှားနိုင်ငံမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ စုဝေးခွင့်တွေကို နှိမ်နင်း ဖြိုခွင်းလာနေတာကို တွေ့နေရကြောင်းလည်း Amnesty ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာလည်း လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ တင်းကြပ် ထိန်းချုပ်မှုတွေ ဖြစ်ပေါ်နေတာမှာ နိုင်ငံရေးအရ သဘောထား မတိုက်ဆိုင်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုသူပဲဖြစ်ဖြစ်၊ ဆန္ဒပြသူကိုပဲဖြစ်ဖြစ် စစ်တပ် အာဏာပိုင်တွေက ထိန်းချုပ်၊ ကန့်သတ်မှုတွေ ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ခုခံ ကာကွယ်သူတွေကိုယ်တိုင် အာဏာပိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေကြရတယ်လို့ Fortify Rights အဖွဲ့က Amy Smith က ပြောပါတယ်။

“လူတွေဟာ တရားမမျှတတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူခံကြရပါတယ်။ ထုတ်ဖော်ပြောကြားလို့ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းခံရတယ်။ ရိုက်နှက် နှောင့်ယှက် ခံခဲ့ကြရပါတယ်။ ဒါတွေကို ဖိနှိပ်တဲ့အစိုးရတွေက လုပ်နေတာဖြစ်ပြီးတော့ ဒီနည်းနဲ့ လူတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်မပြောနိုင်အောင်လို့ ပါးစပ်ပိတ်ခဲ့ကြတာ ဖြစ်ပါတယ်။”

ဒေသတွင်းက ဗီယက်နမ်၊ အင်ဒိုနီးရှား ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte အစိုးရအဖွဲ့က လုပ်ဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း အာဏာပိုင်တွေနဲ့ တခြား တာဝန်သိ ပြည်သူတွေလို့ ဆိုသူတွေရဲ့ လက်ချက်ကြောင့် လူပေါင်း ၇,၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG