သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်စီမံချက်အက်ဥပဒေ ပယ်ဖျက်ဖို့ အထက်လွှတ်တော်ဆုံးဖြတ်


အမျိုးသားလွှတ်တော် (MOI)
အမျိုးသားလွှတ်တော် (MOI)

အာဏာရှင်အစိုးရအဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင် တုတ် တခုသဖွယ် အသုံးပြုခဲ့တဲ့ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်ဖို့အဆိုကို အမျိုးသားလွှတ်တော်မှာလည်း ဥပဒေကိုအတည်ပြုလိုက်ပြီ ဖြစ်တာမို့ ဒီဥပဒေ ဟာ မကြာ ခင်ပျက်ပျယ်တော့မှာပါ။ နိုင်ငံရေးအကျဉ်းသားတွေဘက်ကတော့ တချိန်ကမတရားငြင်းပမ်းတဲ့ ဥပဒေတွေအပြင် အခြားမလိုလားအပ်တဲ့ ဥပဒေတွေကိုလည်း ဆက်လက်ဖျက်သိမ်းပေး စေချင်ကြ ပါတယ်။ တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးကို ထောက်ပြပြီး ဒီဥပဒေကို မရုပ်သိမ်း ဖို့ တင်ပြခဲ့ တာတွေရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

တချိန်ကစစ်အစိုးရရဲ့ အတိုက်အခံတွေအနေနဲ့ ရပ်တည်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ လွှတ်တော်မှာကော အစိုးရပိုင်းဘက်မှာပါ အာဏာရပြီးနောက်မှာ တချိန်ကအတိုက်အခံနိုင်ငံရေး သမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင် တုတ် တခုသဖွယ် အသုံးပြုခဲ့ တဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့တွေ ကြိုးစားလာတာတွေရှိပါတယ်။ နိုင်ငံရေးသမားတွေ အမြဲ တမ်း ဖမ်းဆီးခံခဲ့ရတဲ့ ဥပဒေတခုဖြစ်တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ ကို လည်း လုပ်ဆောင်လာတာမှာ လွှတ်တော် ၂ခုစလုံးက ဒါကို လက်ခံလိုက်တာကြောင့် ဒီဥပဒေဟာ မကြာခင် ပျက်ပြယ်တော့မှာပါ။

ဒီလို ရုပ်သိမ်းလိုက်တဲ့ အပေါ်မှာ နိုင်ငံရေးအကျဉ်းသားများအဖွဲ့က ကိုဘိုကြည်ကတော့ ဖျက်သိမ်း သင့်တဲ့ ကျန်ရှိနေတဲ့ ဥပဒေတွေကို ဆက်လက်ဖျက်ပေးစေချင်တယ်လို့ အခုလိုပြောပြပါတယ်။

“ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိအတည်ပြုပြီးပေးပို့လာသော အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် အက်ဥပဒေကြမ်းအား လွှတ်တော်အဆုံးအဖြတ်ကို ရယူ၍အတည်ပြုဆောင်ရွက်မှာဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးနဲ့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၆ မှ ဒေါ်နန်းနီနီအေးတို့က နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကာကွယ်ပေးနိုင်သည့် ဥပဒေသစ်ရေးဆွဲပြီးမှသာ ရုပ်သိမ်းသင့်ကြောင်းတင်ပြထားပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရ ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၅၉ မဲ၊ ကြားနေမဲ ၀ မဲဖြစ်ပါတယ်။ ထောက်ခံမဲများတဲ့အတွက် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီရဲ့တင်ပြချက်အတိုင်း အတည်ပြုကြောင်ကြေညာပါတယ်။”

ဥပဒေကိုရုပ်သိမ်းဖို့ တင်ပြလာတဲ့အဆိုကို မဲခွဲရာမှာ ရလာတဲ့ရလဒ်အရ အခုလိုပယ်ဖျက်ခွင့်ရခဲ့တာပါ။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်ကပါ ပယ်ဖျက်ဖို့ အတည်ပြုလိုက်ကြောင်း အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။

တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးလိုအပ်ချက်ကို ထောက်ပြပြီး၊ ဒီဥပဒေကို မရုပ်သိမ်းဖို့နဲ့ တင်ပြခဲ့တာတွေရှိခဲ့ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးကတော့ က မနေ့က လွှတ်တော်မှာ ဒီဥပဒေကိုဆက်လက်ထားဖို့ နဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ လစ်ဟာသွားမှုတွေရှိလာနိုင်တယ်လို့ သတိပေးပြောဆိုသွားပြီး ဒီဥပဒေကို စိတ်ခံစားချက်အရ ပယ်ဖျက်ဖို့မလုပ်ဆောင်ပဲ ပြင်ဆင်ရေးဆွဲရေးကိုသာ ဦးတည်လုပ်ဆောင်သင့်တယ်လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီလိုရုပ်သိမ်းလိုက်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အကျဉ်းသား ၁ ဦးဖြစ်ခဲ့တဲ့ ကိုဗိုလ်ကြည်ကတော့ လက်ရှိအခြေအနေမှာ ကျန်ရှိနေသေးတဲ့ မလိုလားအပ်တဲ့ ပြည်သူတွေကို ထိခိုက်နစ်နာနိုင်စေမယ့် ဥပဒေတွေ၊ ဥပဒေရဲ့ စကားလုံးအသုံးအနှုန်းတွေကို တိတိကျကျ ဖွင့်ဆိုပြီး တိကျစွာလုပ်ဆောင်ဖို့လည်း လိုအပ်နေသေးတယ်လို့ အခုလိုပြောဆိုလိုက်ပါတယ်။

“တမျိုးသားလုံး ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ဟာမျိုးကိုပဲ ကျနော်တို့စဉ်းစားရမှာပါ။ အဲဒီလိုစဉ်းစားတဲ့အခါမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့၊ စုဝေးခွင့်တို့ ၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ အဲဒါတွေကို ကန့်သတ်ထားတဲ့ ဥပဒေတွေဆိုရင် ပယ်ဖျက်ရမယ်။ အဲဒီလိုဥပဒေတွေကတော့ တကယ့်အများကြီးပါ၊ မတရားအသင်း ဥပဒေတွေလိုမျိုးပေါ့နော် ဒါက ပယ်ကိုပယ်ဖျက်သင့်တဲ့ကိစ္စလိုမျိုး။ နိုင်ငံတော်လျှိ့ဝှက်ချက်ဥပဒေလိုမျိုးပေါ့ ဥပဒေဆိုတာက စကားလုံးကိုတိတိကျကျမရှိပဲနဲ့ အာဏာပိုင်တွေက လိုရင်လိုသလို ဘာသာပြန်လို့ရတဲ့ စကားလုံးတွေဖြစ်နေတယ်၊ ဒီလိုစကားလုံးတွေကို တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေပြန်လုပ်ရမှာတွေရှိတယ်။ နောက် ရာဇသတ်ကြီးဆိုရင်လည်း ပြန်ပြီးတော့ review လုပ်ရမှာရှိပါတယ်။ ဒီကြားထဲမှာ ရဲအရေးပိုင်တဲ့ကိစ္စတွေကိုလည်း ပြန်ပြီးတော့ ဆန်းစစ်ရမှာတွေရှိပါတယ်။”

၁၉၅၀ ပြည့်နှစ် အရေးပေါ်အက်ဥပဒေဆိုတာက အရင်အစိုးရအဆက်ဆက်က နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေကို အများဆုံးဖမ်းဆီး အရေးယူတဲ့ ပုဒ်မ ၅(ည) အဖြစ် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ အစိုးရက သူဟာသူ အကာအကွယ်ယူပြီး အများပြည်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေတွေဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေ က ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG