သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်ပြည့် အထိမ်းအမှတ်


မြန်မာ့ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တ ခဲ့တဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်စေချင်တယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားသူတွေက ပြောဆိုလိုက်ပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂)နှစ်မြောက်နဲ့ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ သုံးရက် ဆက်တိုက် ဂုဏ်ပြုကျင်းပချိန် ငြိမ်းချမ်းရေးစကားတွေ၊ ငြိမ်းချမ်းရေး ကဗျာတွေ သဝဏ်လွှာတွေ ဖတ်ကြားပြီး တိုက်တွန်းပြောဆိုလိုက်ကြတာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ ပြောပြပေးထားပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဓိကထား ဖော်ဆောင် မယ်ဆိုတဲ့ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး ပြင်ဆင်နေချိန်မှာပဲ ငြိမ်းချမ်းရေးလိုလားသူ ငြိမ်းချမ်းရေးဗိသုကာကြီးဖြစ်တဲ့ ဆရာကြီးသခင် ကိုယ်တော် မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နဲ့ သခင် ကိုယ်တော်မှိုင်း ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ငြိမ်းချမ်းရေး လိုလားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းစစ်မီး ငြိမ်းပြီး သခင်ကိုယ်တော်မှိုင်း မြင်ချင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရစေချင်ပါတယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးကော်မတီဝင် ဦးထွန်းဝင်းငြိမ်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဆရာကြီးက အားလုံးသိကြတဲ့အတိုင်းပဲ တိုင်းပြည်လွတ်လပ်ရေးရအောင်လည်း သူဆောင်ရွက်ခဲ့တယ်၊ တိုင်းပြည်လွတ်လပ်ရေးရပြီးလို့ ပြည်တွင်းစစ်ကြီးဖြစ်တော့ လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို သူ တောက်လျှောက် ဆောင် ရွက်ခဲ့တာပါ။ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ဆရာကြီးရဲ့ အယူအဆတွေက ဒီနေ့အထိ တိုင်းပြည်အတွက် လိုအပ်နေဆဲလို့ ကျနော်တို့ ခံယူထားပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့သူမနာ၊ ကိုယ်မနာ နည်းနဲ့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာ ဆရာကြီးက တန်းတူရေး၊ လွတ်လပ်ရေး၊ တရားမျှတမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး စတဲ့ အချက်တွေကို အခြေခံပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးခြင်းအားဖြင့် စစ်မှန်တဲ့ငြိမ်း ချမ်းရေးကို ရရှိမယ်လို့ ဆရာကြီးက နိုင်ငံရေး တရားပွဲတွေမှာ ဟော ခဲ့တာပါ။ အဲဒီ ဆရာကြီးရဲ့ အယူအဆကို ဒီနေ့ ပြည်သူလူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့က ရှိစေချင်ပါတယ်။ ဒီနေ့ ဆိုလို့ရှိရင်လည်း တိုင်းပြည်အတွက် အရေးကြီးအခြေအနေကတော့ ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဲဒီနှစ်ဆင့်- အဲဒါမှ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်လို့ရမှာပါ။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးအခြေအနေတွေကို တစုံတရာ အထောက်အကူဖြစ်နိုင်အောင် ကျနော်တို့က စာပေကတဆင့်၊ နောက် နိုင်ငံရေးအင်အားစုတွေကတဆင့် ငြိမ်းချမ်းရေးအသံ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့ ဆရာကြီးကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နဲ့ ဂူဗိမာန် နှစ် (၅၀) မြောက် အထိမ်းအမှတ်အခမ်းအနားကို ကျနော်တို့ ကျင်းပခဲ့တာဖြစ်ပါတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ဖော်ဆောင်ခဲ့တဲ့မြန်မာပြည်ငြိမ်းချမ်းရေးကို အစိုးရ၊ တပ်မတော်၊ ယနေ့ခေတ်လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေက အားလုံးစုပေါင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ကြစေလိုကြောင်း ကိုလည်း ကိုယ်တော်မှိုင်း အမှတ်တရအခမ်းအနားတက်ရောက်ခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လေးစားတန်ဖိုးထားသူတဦးဖြစ်တဲ့ ဒေါ်ဒေဝီသန့်စင် ကလည်း ပြောပါတယ်။

“ဆရာကြီးတုန်းကလည်း ကိုယ့်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခပေါ့-သဘောထား ကွဲလွဲ မှုတွေ၊ အမြင်မတူမှုတွေကို ဆရာကြီးက ကြားထဲကနေ ဝင်ပြီး ညှိနှိုင်းဆွေးနွေးပေး ခဲ့တာ။ ဒါပေမယ့် ဆရာကြီးက ငြိမ်းချမ်းရေးကို မြင်ချင်တယ် လို့ ပြောပေမယ့် သူ မမြင်သွားရဘူးလေ။ ဒါကို ဒေါ်စုတယောက်တည်း အပေါ်မှာ လည်း မတည်ဘူး၊ အဖွ့ဲတဖွဲ့တည်းအပေါ်မှာလည်း မတည်ဘူး၊ အားလုံး ပြည်ထောင်စုဆိုတဲ့ အတိုင်းပေါ့-တိုင်းရင်းသားအားလုံး၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အစိုးရနဲ့ အရင်အစိုးရနဲ့ နားလည်မှုယူပြီးဆွေးနွေးထားတဲ့ အဖွဲ့အစည်းတွေရော နောက်ထပ် ပါလာမယ့်အဖွဲ့တွေရောပေါ့နော်၊ အကုန်လုံး အဓိက-ကတော့ ဘာလဲဆိုတော့ တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းပေါ့၊ ပြည်သူလူထု ကြီးပွားရာ ကြီး ပွားကြောင်းကို ဦးတည်ပြီးတော့ စဉ်းစားဖို့ပဲ လိုကြတယ်လေ။ ဦးတည်ချက် ပန်းတိုင် ဟာ တိုင်းပြည်နဲ့ လူမျိုးဆိုပြီး ထားလိုက်လို့ရှိရင် ဒီ- ပြည်ထောင်စုရဲ့ အနှစ်သာရဟာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖော်ဆောင်လို့ရမယ် လို့ ဒေါ်လေးတော့ မြင်ပါတယ်။”

မြန်မာ့စာပေ၊ ယဉ်ကျေးမှုနဲ့ မြန်မာပြည်လွတ်လပ်ရေး ငြိမ်းချမ်းရေးကို ဖော်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီး သခင်ကိုယ် တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင်တွေ၊ လေးစားချစ်မြတ်နိုးသူ ဒီမိုကရေစီ အင်အားစုတွေ၊ စာပေအနုပညာရှင်တွေက စုပေါင်းပြီး ပန်းချီပြပွဲ၊ ကဗျာရွတ်ဆိုပွဲနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ငြိမ်းချမ်းရေးဟောပြောပွဲတွေကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းရှိ ၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ကြ ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဇူလိုင်လ ၂၃ ရက်နေ့ ဒီကနေ့အထိ သုံးရက် ဆက်တိုက် ကျင်းပခဲ့တဲ့ အစီအစဉ်တွေနဲ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်ကို လည်း ဦးထွန်းဝင်းငြိမ်းက အခုလိုရှင်းပြပါတယ်။

“ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရယ်၊ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်ရယ်၊ နောက် မိသားစုဝင်တွေရယ် ပူးပေါင်းပြီးတော့ ဒီပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ သုံးရက် ကျင်းပတာပေါ့နော်၊ ပထမရက်မှာ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ လုပ်ခဲ့ပါတယ်။ ဒုတိယရက်မှာတော့ ငြိမ်းချမ်းရေးစာတမ်းဖတ်ပွဲပေါ့နော်၊ ဆရာကြီးကွယ်လွန်ခဲ့တဲ့ ဒီနေ့မနက်ကတော့ မိသားစုအသီးသီးက ပုဂ္ဂိုလ်တွေ ဆရာကြီးကို ဂါရဝပြု အထိမ်းအမှတ် အမှာစကား ပြောကြားကြတာပေါ့နော်။”

ရွှေတိဂုံဘုရားလမ်းက ကိုယ်တော်မှိုင်း ဂူဗိမာန်မှာကျင်းပတဲ့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရဲ့ အထိမ်းအမှတ်နေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရဦးတင်ဦး၊ တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ၊ ၇၄၊ ၇၅၊၇၆ နိုင်ငံရေးအင်အားစုတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေနဲ့ သခင်ကိုယ်တော် မှိုင်းကို ချစ်မြတ်နိုးလေးစားသူတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုကြ ငြိမ်းချမ်းရေးစာတမ်းတွေ ဖတ်ကြားကြပြီး အလေးအနက် ဂါရဝပြုခဲ့ ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG