သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တိုက်ပွဲများ အချုပ်အခြာအာဏာထိပါးမှုဟု ကာချုပ်ပြော


မြင်း တပ်ဖွဲ့ခြံရံပြီး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ် ၂၇-၂၀၁၇)
မြင်း တပ်ဖွဲ့ခြံရံပြီး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ် ၂၇-၂၀၁၇)

ရခိုင်မြောက်ပိုင်း၊ ကချင်၊ ရှမ်းအရှေ့မြောက် မုံးကိုးဒေသနဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေဟာ အချုပ်အခြာ အာဏာကို ထိပါးတာကြောင့် တပ်မတော်က ကာကွယ်တိုက်ခိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကိုလဲ ဒီကနေ့ကျင်းပတဲ့ တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားအတွင်း ကာကွယ်ရေးဦးစီးချုပ်က ထပ်ပြီး အခိုင်အမာပြောသွားပါတယ်။ အဲဒီ စစ်ရေးပြအခမ်းအနားမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဒီနှစ်စစ်ရေးပြအခမ်းအနားကွင်းထဲကို ကာကွယ်ရေးဦးစီးချုပ်က မြင်းတပ်ဖွဲ့ခြံရံပြီးတော့ ဝင်ရောက်ခဲ့တာပါ။ ဒီလိုမျိုး မြင်း တပ်ဖွဲ့ခြံရံပြီး စစ်ရေးပြအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်တက်တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ အဲဒီနောက်ပြောကြားတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အဓိကကိစ္စရပ်ကြီးနှစ်ခုနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ထည့်ပြော သွားတာပါ။ ပထမတခုကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် သဘောထားဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်

“၂၀၁၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ / မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်/ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မုံကိုးဒေသ/ လောက်ကိုင်ဒေသ အကြမ်းဖက်သောင်းကျန်းမှု ကိစ္စရပ်တွေဟာ နိုင်ငံတော်ရဲ့အချု ပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ် တိုက်ခိုက်ခဲ့တာပဲဖြစ်တယ်။”

နောက်ထပ်ကိစ္စရပ်ကြီးတခုဖြစ်တဲ့ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့လဲ ကာကွယ်ရေးဦးစီးချုပ်က တဆက်ထဲ ပြောသွား ပါတယ်။

“လူမျိုးရေးနဲ့ပတ်သတ်ပြီး တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂလီများအနေနဲ့ မြန်မာတိုင်းရင်းသားများမဟုတ်ပဲ မြန်မာနိုင်ငံမှာလာရောက်နေထိုင်နေသူများသာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာဖြစ်ပွားခဲ့တဲ့ဘင်္ဂါလီအချို့ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တွေ့မြင်ရမှာ ဖြစ်တယ် ။”

ဒီရခိုင်ပြည်နယ်ကိစ္စမှာ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံတော်မှာဖြစ်နေတဲ့ နိုင်ငံ ရေးအခြေအနေတွေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာတာတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကို ထိပါးလာနိုင်တာကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့ တာဝန်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပြောင်းအလဲတွေ စလုပ်ခဲ့ပေမဲ့ တပ်မတော်အစိုးရ အုပ်ချုပ်ရေးပုံစံကနေ ပြောင်းလဲရတဲ့ အခြေအနေနဲ့ နိုင်ငံတွင်း ဒီမိုကရေစီ မရင့်ကျက်သေးတာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အခက်အခဲ တွေ့ခဲ့ရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ကပြောပြီး ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ဆက်ပြီး ကူညီသွားရမယ်လို့ လမ်းညွှန်သွားပါတယ်။

“ပထမသက်တမ်းကာလမှာ နိုင်ငံတော်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး ၊ နောက် တိုင်းရင်းသားရေးရာ ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ကြိုးစားအကောင်အထည်ဖော်ခဲ့ပေမယ့် အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။
ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ တပ်မတော်က ဆက်လက်ပြီး အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးသွားရမှာ ဖြစ်တယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းတခုလုံးကို ခြုံကြည့်မယ်ဆိုရင် ၇၂ နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် လေးချက်ကို သမိုင်းနောက်ခံတွေ၊ လက်ရှိအခြေအနေတွေနဲ့ အကျယ်ချဲ့ပြီး ဖွင့်ဆိုရှင်းလင်းသွားတာလို့ဆိုရမှာပါ။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အထိမ်းအမှတ်ပြုပြီး တော်လှန်ရေးနေ့အဖြစ် ကျင်းပခဲ့ရာကနေ ၁၀ ကြိမ်မြောက်ကစလို့ အဲဒီအချိန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့အဖြစ် ပြင်ဆင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG