သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းမူမှာ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ပစ်ခတ် သတ်ဖြတ်


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က လက်ထုတ္တောကျေးရွာမှာ ဒေသခံ ၃၀ ကျော်သတ်ဖြတ်ခံရပြီး နေအိမ်တွေမီးလောင်ခဲ့ (မေ ၁၁၊ ၂၀၂၄)
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က လက်ထုတ္တောကျေးရွာမှာ ဒေသခံ ၃၀ ကျော်သတ်ဖြတ်ခံရပြီး နေအိမ်တွေမီးလောင်ခဲ့ (မေ ၁၁၊ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဘုန်းကြီးကျောင်းအတွင်း ထွက်ပြေး ခိုလှုံနေသူ အရပ်သား ၃၂ ဦးကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အသက်မသေဘဲ ကျန်ရစ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးသူတွေထဲ လူငယ် အမျိုးသားအများစု ပါဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်း ကိုယ်တိုင်ကြုံတွေ့၊ လွှတ်မြောက်လာသူနဲ့ ဆက်သွယ်မေးမြန်းထားတာကို အခြေခံပြီး ကိုစည်သူက ပြောပြပေးမှာပါ။

မေ ၁၁ ရက် မနက်ဝေလီဝေလင်းအချိန်မှာ မုံရွာ - မန္တလေးကားလမ်းနဲ့ ၁ မိုင်သာသာ ဝေးတဲ့ မြင်းမူမြို့နယ်၊ လက်ထုတ္ထော ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပြီး ရွာရဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ တိမ်းရှောင်နေတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသား ၊ အမျိုးသမီး ၃၂ ဦးကို သေနတ်တွေနဲ့ ပစ်သတ်သွားတယ်လို့ အသက်မသေပဲလွတ်မြောက်လာသူတွေက ဗွီအိုအေကို ပြောပါတယ်။

အစုလိုက်အပြုံလိုက် အသတ်ခံရတယ်ဆိုတဲ့ အဖြစ်အပျက်ကို မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ စစ်တပ်ဝင်လာချိန် ရွာအဝင်လမ်းမှာတွေ့တဲ့ အရပ်သား ၂ ဦးကို သတ်ဖြတ်ပြီးတဲ့နောက် ရွာအနောက်ဖက်ဘုန်းကြီးကျောင်းမှာ ၅ ဦး ရွာအရှေ့ဘက် ကျောင်းသစ်မှာ ၂၅ ဦး စုစုပေါင်း ၃၂ ဦး သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ထုတ္ထောကျေးရွာမှာ ရွာအနောက် ၊ ရွာတောင်ဘက်နဲ့ ရွာအရှေ့ဘက်က ကျောင်းသစ်ဆိုပြီး ဘုန်းကြီကျောင်း ၃ ကျောင်းရှိတဲ့အထဲမှာ ရွာအနောက်ဘက်နဲ့ အရှေ့ဘက်က ဆောက်လက်စ ဘုန်းကြီးကျောင်းအသစ်မှာ တိမ်းရှောင် ခိုလှုံနေတဲ့ အရပ်သားတွေကို သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ အသတ်မသေပဲလွတ်မြောက်လာသူ ကိုဖိုးသောင်းက ပြောပြပါတယ်။

ဘုန်းကြီးကျောင်းထဲက အမျိုးသားတွေကို စစ်တပ်က ခေါ်ထုတ်ပြီး သေနတ်တွေနဲ့ ပစ်သတ်ချိန်မှာ ကိုဖိုးသောင်းလည်း ပါဝင်ခဲ့ကာ သေဟန်ဆောင်ပြီး စစ်သားတွေမရှိတဲ့အချိန်မှ အခင်းဖြစ်တဲ့နေရာကနေ ကိုဖိုးသောင်း ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ကိုဖိုးသောင်းက သူ့အတွေ့အကြုံနဲ့ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက မေးမြန်းရာမှာတော့ အခုလို ဖြေကြားပါတယ်။

"သူတို့လက်နက်ကြီးတွေနဲ့ပစ်ဝင်ပြီးတော့ ကျောင်းထဲမှာ ဝင်အောင်းပြီး ပုန်းနေရတာပေါ့ဗျာ။ ကျောင်းထဲမှာလူတွေရှိတယ်ဆိုပြီး ယောက်ကျားတွေ အကုန်ထွက်ဆိုပြီး ထိုင်ခိုင်းပြီးတော့ အကုန်ပစ်သတ်တော့တာပဲ။ ကျွန်တော့်အပေါ်က လူတယောက်ကလည်း ပစ်ခံရပြီးတော့ သေတော့ ကျွန်တော်လည်း ခြေထောက်တွေမှန်တာပေါ့။ ဝမ်းလျားမှောက်လှဲပစ်တော့ ကျွန်တော့်အပေါ် လူတယောက်က မှေးသေနေတာ ကျွန်တော့် ဘယ်ဘက် ပုခုံးပေါ်မှာ သူ့သေတဲ့အတိုင်း ကျွန်တော်က မျှောလိုက်ပြီးတော့ အသာလေးပဲ မှိန်းနေရတာခင်ဗျ။ မှောက်ပြီးတော့ သေနေတော့ ကျွန်တော်လည်း သေချင်ယောင်ဆောင်ပြီး သေနေရတာပေါ့။ မောတဲ့လူပစ် မောတဲ့လူပစ်ဆိုပြီး ပစ်တာပဲ။ ကျွန်တော်တို့ မလှုပ်ရဲဘူး။ စစ်ဝတ်စုံတွေပဲ စကနဦး မြင်လိုက်တာပေါ့။ နောက်ပိုင်းသူပစ်ကလည်းက ကျွန်တော်တို့လည်း မော့ကိုမကြည့်ရဲတော့ဘူး။ ဘယ်သူပစ်လို့ ပစ်မှန်းမသိ။ ခေါင်းမော့ကြည့်တဲ့သူပစ်တယ်။ အသက်ရှုပြီး ဂေါဂေါနဲ့လုပ်ပြီး မသေမရှင်သေးဘူး။ ပစ်ဆိုပြီး ပစ်ပြန်ရော အဲ့တော့ ကျွန်တော်တို့ ဘာမှကို မလှုပ်ရဲဘူး အသက်တောင် အောင့်ထားရတယ်။ ဘုရားစာပဲအာရုံပြု်နေတာ။ ဘုရားစာပဲ အာရုံပြုပြီး ကိုယ့်ကိုယ် သေပြီဆိုပြီး ဒီတိုင်းပဲ ဝပ်နေတော့တာပဲ။ အသေပဲတွက်ပြီး ဘုရားစာပဲ အာရုံပြုနေတာ။ ကျွန်တော် ဘာမှ အာရုံမပြုတော့ဘူး ဘုရားပဲ အာရုံပြုနေတော့တာ။"

သေဆုံးသွားသူတွေထဲ ကိုဖိုးသောင်းရဲ့ ဆွေမျိုးတွေလည်း ပါဝင်ပြီး ဒီဖြစ်ရပ်ကို ပြန်လည်မြင်ယောင်ပြီး စိုးရိမ်စိတ်တွေနဲ့ မကျေနပ်နိုင်ဘူးလို့ ကိုဖိုးသောင်းက ပြောပါတယ်။

"ခံစားရတာက ကျုပ်ညီအကို ဝမ်းကွဲတွေလည်း အကုန်ပါသွားတာပေါ့။ မကျေနပ်နိုင်ပါဘူး။ မြင်ယောင်ပြီးတော့ မကျေနပ်နိုင်ပါဘူးဗျာ။ လောလောဆယ်တော့ မိသားစုအတွက် စိုးရိမ်တာပေါ့ဗျာ။"

အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားသူတွေဟာ စစ်သားတွေလည်း ပါဝင်သလို စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ အများဆုံးပါဝင်ပြီး အရန်တပ်ဖွဲ့ဥပဒေကြောင့် စစ်မှုပြန်ထမ်းတဲ့ သူတွေလည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ထုတ္တောကျေးရွာနဲ့ ၁ မိုင်ခန့်အကွာက ဂွေးပင်တော ကျေးရွာ ၊ မြင်းမူ-မြောင် လမ်းဆုံက စစ်တပ် ဂိတ်စခန်းနဲ့ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာက စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်လာကြောင်း စုံစမ်းသိရှိရပါတယ်။

လက်ထုတ္တောကျေးရွာဟာ အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ ကျေးရွာကြီးဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ်က စစ်တပ်က နေအိမ်တွေ မီးရှို့လိုက်လို့ နေအိမ် ၅၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။

ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် အခုလို လက်ထုတ္တော ကျေးရွာက ဒေသခံတွေကို သတ်ဖြတ်ခံရမှု အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဒေသခံ PDF ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ တဦးက ဗွီအိုအေကို အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

"လက်ထုတ္တောရွာက မုံရွာ-မန္တလေး လမ်းပိုင်းနဲ့ နည်းနည်းတော့နီးတယ်ဗျ။ မုံရွာမန်းလေးက တကယ့်ဗျူဟာကျတဲ့လမ်းပေါ့ဗျာ။ အဲ့လမ်းမှာက သူတို့စစ်ကောင်စီက အမြဲတမ်း ဖြတ်သွားဖြတ်လာလုပ်တယ်။ တော်လှန်ရေးရဲဘော်တွေက ခြုံခိုပြီး တိုက်ခိုက်တာမျိုးတွေ ပျောက်ကြား ဝင်ပစ်တာမျိုးတွေ မိုင်းဆွဲလိုက်တာ ပျောက်ကြားပစ်တာတွေက နည်းနည်းခိုက်မိသွားတယ်။ အဲ့ဒါတွေကော ကျွန်တော်တို့ရွာက ပထမတကြိမ် မီးရှို့ခံထားရတာ အိမ်ခြေ ၅၀၀ ကျော်လောက် ပါထားတာလေ။ ပထမ တကြိမ်ကတည်းက ငြိုးသွားတယ်။ မင်းတို့ရွာကို မီးတင်ရှို့သွားတာနော် ဘာမှ မလုပ်သေးဘူး။ နောက်တခါ မင်းတို့ထပ်လုပ်လို့ရှိရင် မင်းတို့ရွာကို လူပါသတ်မှာလို့ ပြောသွားတာ။ အခုတခါက ကျွန်တော်တို့ရွာကို ဒုတိယအကြိမ်ထပ်ဝင် မီးရှို့ပြီးတော့ လူတွေပါ အကုန်သတ်သွားတာ။ သူတို့ပြောတဲ့အတိုင်း လုပ်သွားတာ။ အရင်တခါ ပြောပြီးကတည်းက အခုတခါလည်းလုပ်သွားတာ။ အခုတကြိမ်က ကျွန်တော်တို့ဘာမှကို မလုပ်ဘဲနဲ့ သူတို့ သက်သက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို ဝင်ဆော်သွားတာ။"

စစ်ကောင်စီဟာ သူ့ကို ဆန့်ကျင်သူတွေနဲ့ အရပ်သားတွေအပေါ် ဘယ်လောက်အညှိုးထားသလဲဆိုတာ အခုလို အပြစ်မရှိတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက သက်သေပြနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပြပါတယ်။

"ရွာသားတွေအပေါ်တော့ ကျွန်တော်က စိတ်မကောင်းဘူးဗျာ။ အကုန်အသေခံသွားတာ။ ရွာသားတွေ အကုန်လုံးကိုထုတ်တာ။ ည ၁၂ ထိုးကတည်းက အကုန်ထုတ်တာ။ ရွာသူရွာသားတွေ အကုန်ထွက်ဖို့ပြောတယ်။ သူတို့ကထွက်တော့ ထွက်ပေမယ့်ပြန်ဝင်ကြတာ။ ကျွန်တော်တို့ ရွာသူ ရွာသားတွေကမေးတာ မသိဘူးပြောလို့ဆိုပြီး အကုန်ပစ်သတ်သွားတာ။ သေတဲ့သူတွေအကုန်လုံးက လက်သီးတွေဆုတ်ပြီး သေသွားတာ။"

စစ်တပ် စစ်ကြောင်းမရှိတော့ပေမယ့် နေအိမ်တွေမီးလောင်ပြီး အရပ်သားတွေ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် ဒေသခံတွေဟာ နေအိမ်တွေကို မပြန်နိုင်ဘဲ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး သောက်သုံးရေအပြင် အစားအသောက် ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

မြင်းမူမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG