သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုအားနဲ့ ပြောင်းလဲအောင် လုပ်ကြရမယ်


ကြိုတင်မဲကောက်ခံမှုတွေကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြံ့ဖွံ့ပါတီက တက်သုတ်ရိုက် ဆောင်ရွက်ပါလိမ့်မယ်။ ဒီအချက်တွေကို ပြည်ပမီဒီယာတွေဆီ သတင်းမရောက်အောင် ထိန်းချုပ်ဖို့ အင်တာနက် အီးမေးလ် ဆက်သွယ်မှု တွေကို ဖြတ်တောက်ပစ်တာလို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။

ဒီလိုလုပ်ရပ်တွေက န.အ.ဖ လက်ထက်မှာ အဆန်းမဟုတ်တော့ပါဘူး။ နိုဝင်ဘာလဆန်းမှာ ပိုပြီးဆိုးဝါးလာဖို့ပဲရှိပါတယ်။ တယ်လီဖုံး လိုင်းတွေကိုပါ ဖြတ်တောက်တာတို့၊ ကြားဖြတ်နားထောင်တာတို့လည်း ဖြစ်လာမှာပါ။ ကြိုတင်မဲထည့်ခိုင်းတာကို ငြင်းဆန်တဲ့ပြည်သူ တချို့ကို ကြံ့ဖွံ့ပါတီဝင်တချို့က ဒေါသတကြီးတုန့်ပြန်ပြောဆိုသွားတဲ့စကားကို မှတ်တမ်းတင်ပေးဖို့ ဒေသခံတွေက ကျနော်တို့မီဒီယာတွေ ကို စာရေးသားပေးပို့ထားတာလည်း ရှိပါတယ်။

အဲဒီကြံ့ဖွံ့ပါတီဝင် မကျေမနပ်နဲ့ပြောသွားတာကတော့ - မင်းတို့ကြိုတင်မဲမထည့်လဲ သောက်ဂရုမစိုက်ဘူး။ ငါတို့က အစိုးရ တောင်ဖွဲ့ပြီးနေပြီ။ ရာခိုင်နှုန်းဘယ်လောက်နဲ့ နိုင်မယ်ဆိုတာလည်း အတိအကျရှိပြီးသား၊ ရွေးကောက်ပွဲမပြီးသေးလို့ ထုတ် မကြေညာသေးတာကွ။ နားလည်လား- လို့ ပြောသွားပါတယ်။

ယုံပါတယ်ခင်ဗျာ၊ ဒါကြောင့်လည်း ကျနော်တို့က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို တပြည်လုံး အတိုင်း အတာနဲ့ သပိတ်မှောက်ကြဖို့၊ မဲရုံကို မသွားကြဖို့၊ မဲမထည့်ကြဖို့ မီဒီယာကတဆင့် မြန်မာပြည်သူတရပ်လုံးကို တိုက်တွန်းနှိုးဆော်နေတာပါ။ အဲဒီလို ပြည်သူတွေ မဲမထည့်နိုင်ဘဲ ရွေးကောက်ပွဲမှာ နိုင်သွားတဲ့အဖြစ်ကို ဖြစ်မှ န.အ.ဖ ဘယ်လောက် အာဏာရူးသလဲဆိုတာ ပိုမိုပေါ်လွင်လာနိုင်မှာပါ။

ကြံ့ဖွံ့ပါတီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တက္ကသိုလ်ရိပ်သာ လမ်းသစ်အနီးမှာရှိတဲ့ ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဌာနချုပ်၊ ယခင် ကြံ့ဖွံ့အသင်းဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို ကြံ့ဖွံ့ပါတီရဲ့ ဒု-ဥက္ကဋ္ဌ၊ ယခင်ကြံ့ဖွံ့အသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး (လက်ရှိ- လယ်ယာစိုက်ပျိုးရေး ဝန်ကြီး) က ဦးဆောင်ကျင်းပတာပါ။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် ၁ ယောက်က အင်တာနက် အီးမေးလ် ဆက်သွယ်မှုတွေ နှေးကွေးပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဦးဌေးဦးက သူမသိပါဘူးလို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအများစုကတော့ ရွေးကောက်ပွဲနီးလာလို့ အင်တာနက်အဆက်အသွယ်တွေဖြတ်တောက်ပြီး သတင်း စီးဆင်းမှုကို တမင် ထိန်းချုပ်ပစ်တာလို့ ပြောနေကြပါတယ်။ ဒါဟာ ပြည်ပမီဒီယာတွေအကူအညီနဲ့ မဲဆွယ်စည်းရုံးမှု လုပ် နေကြရတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ၊ ဒီမိုကရက်တစ်အင်အားစုပါတီတွေအတွက် အခက်အခဲ အများကြီး ဖြစ်စေပါတယ်။ နောက်ပိုင်းဆိုရင် နိုဝင်ဘာလဆန်းကနေပြီး ရွေးကောက်ပွဲပြီးချိန်အထိ ဖုံးလိုင်းတွေကိုပါ ထိန်းချုပ် ခံရဖွယ်၊ ဖြတ် တောက်ခံရဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောနေကြတာတွေလည်းရှိနေပါတယ်။

အဲဒီလို ပတ်ဆို့မှုခံထားရတဲ့ကြားမှာ ကြံ့ဖွံ့ရဲ့ အတင်းအဓမ္မကြိုတင်မဲကောက်ခံတဲ့ကိစ္စရပ်တွေလည်း အနယ်နယ် အရပ်ရပ် မှာ လူပြောသူပြော များနေခဲ့တာပါ။ အဲဒီအထဲမှာ အထောက်အထားခိုင်လုံတဲ့ ကိစ္စတခုကိုပြောရရင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ကနေ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းဟာ မိုးညှင်းမြို့နယ်အတွင်းမှာ ကြိုတင်မဲကောက်ခံမှုတွေကို အတင်းအကြပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကိုယ်စားလှယ်လောင်းဟာ ကချင်ပြည်နယ်၊ ကြံ့ဖွံ့ကော်မတီဝင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၃ ခုနှစ်၊ ကချင်ပြည်နယ်ခရီးစဉ်အတွင်း နန်းကွေ့ချောင်းတံတားအနီး ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်ကို အပြင်းအထန် အနှောင့်အယှက်ပေးခဲ့တဲ့ဖြစ်ရပ်မှာ အဓိက ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းဟာ ကြိုတင်မဲရဖို့အတွက် သူ့ဆွေမျိုးနီးစပ်တွေကို သူတို့ဆန္ဒမပါဘဲ ကြိုတင်မဲစာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

သူ့ဆွေမျိုးနီးစပ်ထဲက တနယ်တကျေးရောက်နေသူတွေကိုပါ ကြိုတင်မဲစာရင်းထဲ ထည့်သွင်းခဲ့တာကိုလည်း သိရပါတယ်။ အဲဒါကို မကျေနပ်ကြသူတွေက ဖုံးဆက်ပြီး ကြိုတင်မဲကိစ္စကို ကန့်ကွက်ခဲ့ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးမှာ မဟုတ်ဘူးလို့လည်း သူတို့က အတိအလင်းပြောခဲ့ကြပါတယ်။ ဆွေမျိုးနီးစပ်တဦးက ကျနော်တို့ မီဒီယာကနေ ပြောပြပါ တယ်။ သူ့ရဲ့ အတင်းအဓမ္မ ကြိုတင်မဲကောက်ခံတဲ့ကိစ္စကို မခံမရပ်နိုင်လို့ မီဒီယာကနေတဆင့် ဖွင့်ချပေးပါလို့ ကျနော်တို့ကို အကူအညီတောင်းတဲ့သူတွေလည်း ရှိပါတယ်။

ကြံ့ဖွံ့တွေနဲ့ ဝန်ထမ်းတွေဆီက ကြိုတင်မဲရယူဖို့ ဝန်ထမ်းမိသားစုတွေထဲက မဲပေးခွင့်ရှိသူတွေရဲ့ မဲပေးခွင့်အမှတ်တွေ၊ နေရပ်လိပ်စာတွေကို ဝန်ကြီးဌာနအလိုက် စာရင်းကောက်ယူထားပြီးပါပြီ။ ပညာရေးဝန်ကြီးဌာနက ကျောင်းဆရာမ တွေဆီက သိရတာကတော့ မဲရုံအမည်၊ မဲဆန္ဒနယ်အမှတ်၊ မဲစာရင်းအမှတ်စဉ်နဲ့ မိသားစုထဲက အသက် ၁၈ နှစ်ပြည့် ပြီးသူကို နာမည် (form) ပုံစံတခုဆီမှာ ဖြည့်ခိုင်းတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ကလိန်ကကျစ်လုပ်ရပ်တွေကို ကမ္ဘာက သိမှာစိုးလို့ အင်တာနက်၊ အီးမေးလ်တွေကိုဖြတ်ထားတာကလည်း ဆင်သေကို ဆိတ်သရေနဲ့ဖုံးထားသလိုသာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကရော နိုင်ငံတကာကပါ န.အ.ဖရဲ့ ကလိန်စေ့ငြမ်းဆင် ဗျူဟာတွေကို နောကျေနေပါပြီ။

အခုချိန်ဆိုရင် ကျနော်တို့က လူထုအားနဲ့ တွေ့ဆုံဆွေးနွေးရေးကိုတောင်းပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံကိုပြောင်းလဲပြင်ဆင်ဖို့ လုပ်ကြရမယ်လို့ ထင်မြင်မိပါကြောင်းပါခင်ဗျာ။

XS
SM
MD
LG