သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘဏ်လုပ်ငန်းသန့်ရှင်းရေး FBI ကူမည်


FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုကနေ ပထမဆုံးအကြိမ် နေပြည်တော်တွင် သင်တန်းပေး (U.S. Embassy Rangoon)
FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုကနေ ပထမဆုံးအကြိမ် နေပြည်တော်တွင် သင်တန်းပေး (U.S. Embassy Rangoon)

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုကနေ ပထမဆုံးအကြိမ် လာရောက်ပြီး မြန်မာ ထောက်လှမ်းရေးနဲ့ ရဲအာဏာပိုင်တွေကို သတင်းနှစ်ပတ်ကြာ သင်တန်းပေးနေပါတယ်။

FBI က ကျွမ်းကျင်သူအရာရှိတွေ လာရောက်ကူညီပေးမှုမှာ အတိတ်က စီးပွားရေးပြစ်မှုတွေကို ဖေါ်ထုတ်ဖို့ မဟုတ်ပဲမြန်မာနိုင်ငံအနာဂတ် ဘဏ်လုပ်ငန်းမှာ မသမာမှု ကင်းရှင်းစေဖို့ရည်ရွယ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အလုံအရင်းဝင်လာအောင်လည်း အထောက်အကူပေး မှာဖြစ်တယ်လို့ အမေရိကန်-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် ငွေကြေးနဲ့ ဘဏ်လုပ်ငန်း အပါအဝင် စီးပွားရေး ပိတ်ဆို့မှု အားလုံးနီးပါးကို မနှစ်က ရုပ်သိမ်းလိုက်ပြီးနောက် အကျိုးဆက်အနေနဲ့ FBI ကနေ မြန်မာပြည်မှာ ငွေကြေးဘဏ်လုပ်ငန်းဆိုင်ရာ မသမာမှုတွေ ကာကွယ်နှိမ်နင်းနိုင်ဖို့ မြန်မာထောက်လှမ်းရေးတပ်ဖွဲ့နဲ့လာရောက်ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနာဂတ် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအတွက် အလွန်အရေးပါကြောင်း ဝါရှင်တန်အခြေစိုက် USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြီးတန်း အကြံပေး Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။

"FBI ကလာရောက်သင်တန်းပေး ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု နဲ့ ပတ်သက်တဲ့မသမာမှုတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့ လိုနေတာပါ။ ဒါဟာလည်း အရေးပါတဲ့ နိုင်ငံတကာစံနှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာဘဏ်လုပ်ငန်းတွေပိုမို လမ်းပွင့်လာဖို့အတွက် နည်းလမ်းလိုနေပါတယ်။ ဥပမာ အမေရိကန်ဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေဆီကို ဒေါ်လာငွေ တွေ တိုက်ရိုက် လွဲှပြောင်းပေးဖို့ အလွန်ပဲ ဝန်လေးနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုကို အလုံအလောက်ထိန်းချုပ် နိုင်မယ်လို့ သူတို့က မယုံကြည်ဘူးလေ။တကယ်လို့ အမေရိကန်ဘဏ်တွေဟာ နိုင်ငံခြားကဘဏ်တွေနဲ့ ငွေကြေားခဝါချမှုနဲ့ ပတ်သက်နေတယ်ဆိုရင် အမေရိကန်ဥပဒေအရ သူတို့ဟာ အရေးယူခံရမှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဥပဒေကို ချိုးဖောက်မိမှာကို သူတို့က အရမ်းသတိထားကြပါတယ်။"

အမေရိကန်ဘဏ်တွေသတ်မှတ်တဲ့ စံနှုန်းနဲ့အညီ လက်ခံနိုင်အောင် မြန်မာဘက်က ကြိုးစားခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီးဖြစ်ကြောင်း Priscilla Clapp ကပြောပါတယ်။ ဒီအတွက်လည်း အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို FBI က လာရောက်ပူးပေါင်းဆောင်ရွက်မှုကတော့ အလွန်အရေးပါပြီ ပိုမိုထိရောက်ကြောင်း Priscilla Clapp ကပြောပါတယ်။

FBI က သတင်းနှစ်ပတ်ကြာပေးနေတဲ့ သင်တန်းမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး စနစ်တကျ ကျူးလွန်လေ့ရှိတဲ့ ရာဇဝတ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုမိုစုံစမ်းထောက်လှမ်း တိုက်ဖျက်နိုင်ဖို့ စုံစမ်းစစ်ဆေးနိုင်ရေး စွမ်းရည်ပိုပြီး တိုးတက်လာဖို့ အဓိက ပို့ချသွားမှာဖြစ်ပါတယ်။

တကယ်တန်း မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုကိုအရင် နအဖ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေပဲ အဓိက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲထားတာပါ။ ဒီတော့ အခုလို FBI က လာပြီး ပူးပေါင်းဆောင်ရွက်ရာမှာ တကယ်တန်းထိရောက်မှုတွေရှိမလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့

“မြန်မာပြည်မှာရှိနေတဲ့ ဘဏ်စနစ်ကို အမေရိကန်က စောင့်ကြည့်နေတာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘဏ်လုပ်ငန်းစနစ်မှာ အတော်လေး သန့်သန့်ရှင်းရှင်းဖြစ်လာတာ တွေ့ရပါတယ်။ အဲတော့ ခရိုနီတွေပိုင်တဲ့ ဘဏ်တွေကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရမှာပါ။ နိုင်ငံတကာဘဏ်တွေနဲ့ သန့်သန့်ရှင်းရှင်း စီးပွားရေးလုပ်ချင်တယ်ဆိုရင် ခရိုနီတွေအနေနဲ့ ဘဏ်တွေကို အုပ်ချုပ်ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းတွေဟာ ခရိုနီတွေရဲ့ လုပ်ကိုင်ခွင့်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ပါတယ်။

မေး။ ။ ဒါဆိုရင် FBI က ဒီခရိုနီတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ အချက်အလက်ရထားသလဲ။ နောက် အရေးယူဖို့ရှိပါသလား။

ဖြေ။ ။ FBI က အဓိက စိုးရိမ်တာက မြန်မာနိုင်ငံက ဘဏ်တွေမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေပါ။ သူတို့က ဘယ်သူတွေ ငွေကြေးခဝါချမှုလုပ်နေသလဲဆိုတာ လိုက်စုံစမ်းဖေါ်ထုတ်မှာ မဟုတ်ပါဘူး။ သူတို့အဓိက လုပ်ဆောင်မှာက အနာဂတ် မြန်မာဘဏ်တွေမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်လို့ အရေးအပြစ်ပေးနိုင်ဖို့ ဘဏ်လုပ်ငန်းဆိုင်ရာ မသမာမှုတွေ မဖြစ်အောင် အကာအကွယ်ပေးဖို့ ကူညီတာဖြစ်ပါတယ်။”

FBI လေ့ကျင့်ရေးအရာရှိတွေဟာ မြန်မာနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို မေလ (၁၅) ရက်နေ့ကနေ (၂၆)ရက်နေ့ထိ နေပြည်တော် လေ့ကျင့်သင်တန်းပေးနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG