သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tillerson နဲ့ Asean နိုင်ငံခြားရေးဝန်ကြီးတွေ မေလမှာ တွေ့ဆုံမည်


Secretary of State Rex Tillerson speaks at the U.S.-Saudi Arabia CEO Summit, at the U.S. Chamber of Commerce in Washington, April 19, 2017.
Secretary of State Rex Tillerson speaks at the U.S.-Saudi Arabia CEO Summit, at the U.S. Chamber of Commerce in Washington, April 19, 2017.

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ဒီနှစ် မေလထဲမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။ တွေ့ဆုံမယ့် နေရာဟာ ဝါရှင်တန်ဒီစီမှာ ဖြစ်စေ အာဆီယံ ဆယ်နိုင်ငံထဲက တနိုင်ငံမှာ ဖြစ်စေ တွေ့ဆုံမှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်က Trump အစိုးရအဖွဲ့ရဲ့ အာဆီယံနဲ့ အာရှဒေသအတွက် ထားရှိတဲ့ မူဝါဒကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ရှင်းရှင်း လင်းလင်း သိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခုလိုတွေ့ဆုံဖို့ လုပ်မှာ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Enrique Manalo က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အခုလို တွေ့ဆုံဖို့ အစီစဉ်ရှိပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ တွေ့မယ်ဆိုတာကို စီစဉ်တဲ့နေရာမှာတော့ အခက်အခဲတွေ ရှိနေတာမို့ အတိအကျ မပြောနိုင်ဘူးလို့ ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာလထဲ ဖိလစ်ပိုင်မှာ ကျင်းပဖို့ ရှိတဲ့ အရှေ့အာရှ ထိပ်သီးအစည်းဝေးနဲ့ အာဆီယံ- အမေရိကန် ထိပ်သီးအစည်းအဝေးတွေကို အမေရိကန် သမ္မတ Donald Trump တက်ရောက်စေချင် ကြတယ်လို့လည်း မလေးရှားကလာတဲ့ သတင်းတွေက ဖေါ်ပြပါတယ်။

ဖိလစ်ပိုင်ဟာ ၂၀၁၇ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ သဘာပတိတာဝန်ယူထားတာမို့ ဧပြီလ အာဆီယံ ထိပ်သီး အစည်းဝေးနဲ့ နိုဝင်ဘာလမှာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အစည်းဝေးကို ဦးဆောင် ကျင်းပရမှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ထဲမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် ဆယ်နိုင်ငံပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG