သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski မြန်မာပြည် လာရောက်


ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အဖွဲ့ဟာ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးပွဲစတင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲမစတင်ခင်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို သိနိုင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်။ တနင်္ဂနွေနေ့မှာတော့ လေကြောင်းနဲ့ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ်က လူ့အခွင့်အရေး အခြေနေတွေကို ဆွေးနွေးဖို့ ကချင်အမျိုးသမီးအဖွဲ့၊ ရှမ်းရေးရာကော်မတီအပြင် လူ့အခွင့်အရေးပညာပေးသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ကချင်ပြည်နယ်မှာရှိနေစဉ်အတွင်း ကချင်ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မစ္စတာ Malinowski နဲ့ အဖွဲ့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ တရားရေးစံနစ်ပြုပြင်ပြောင်းလဲရေး၊ လယ်မြေသိမ်းဆည်းမှု ပြဿနာတွေအပြင် သတင်းသမားတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေကို ဖမ်းဆီးမှုအပါအဝင် လူ့အခွင့်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

အစိုးရပိုင်းနဲ့ အခုလိုမတွေ့ဆုံခင်မှာ မစ္စတာ Malinowski နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေးလှုပ်ရှားသူတွေ၊ လူမှုလူ့အဖွဲ့စည်းအသီးသီးက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရတာဝန် ရှိသူတွေကို မြစ်ကြီးနားနဲ့ ရန်ကုန်မှာတွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

အခုလာရောက်တဲ့အဖွဲ့ထဲမှာ အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်တပ်မှူး ဒုဗိုလ်ချုပ်ကြီး Anthony Chrutchfield လည်း ပါဝင်ပြီး သူဟာ မြန်မာစစ်တပ် အကြီးတန်းတာဝန်ရှိသူတွေနဲ့ စစ်ရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာတွေကို ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတကြိမ် မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီး လာရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee) ရဲ့ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ လက်ရှိ တာဝန်ကိုမယူခင်မှာ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ကြီးရဲ့ ဝါရှင်တန်ရုံး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သလို မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးကိစ္စရပ်တွေကို ထောက်ပြဝေဖန်ခဲ့သူတဦး ဖြစ်ပါတယ်။

XS
SM
MD
LG