သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ပြန်ကောင်း


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ ဆရာဝန်တချို့နဲ့ ၂၀၁၃ ခုနှစ်က တွေ့ဆုံစဉ်။
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ ဆရာဝန်တချို့နဲ့ ၂၀၁၃ ခုနှစ်က တွေ့ဆုံစဉ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြည်ပခရီးစဉ်က ပြန်ရောက်လာပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် အနားယူနေတာမှာ မနက်ဖြန် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ရုံးပြန်တက်နိုင်တော့မယ်လို့ ဆိုပါတယ်။

ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို သီတင်းပတ် ၂ ပတ်ကြာ သွားရောက်ရာက ပြန်ရောက်လာပြီး ကျန်းမာရေး မကောင်းတဲ့အတွက် စစ်ဆေးတာမှာ ခရီးပန်းတာ၊ အစားအသောက်မမှန်တဲ့အတွက် အစာအိမ်ရောင်တာအပြင် ကွန်ပြူတာကြည့်တာများပြီး အရိုးကြီးပေါင်း တက်တာတွေ ဖြစ်တာကို တွေ့ခဲ့ရတဲ့အတွက် ရန်ကုန်မြို့က သူမအိမ်မှာ အနားယူနေရပြီး ရက်အနည်းငယ် အနားယူရမယ်လို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက တနင်္လာနေ့မှာ ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့ညက ရန်ကုန်မြို့ကို ပြန်ရောက်လာချိန်မှာ လေဆိပ်ထဲကနေ ဒေါ်အောင်ဆန်းစုကြည် ဘီးတပ် ကုလားထိုင်နဲ့ ထွက်လာတဲ့ ဓာတ်ပုံတချို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူမရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ စိုးရိမ်စရာ မရှိကြောင်း၊ ကျွမ်းကျင်ဆရာဝန်တွေနဲ့ စစ်ဆေးပြီးတဲ့နောက် အဲဒီလို ကျန်းမာရေးရလဒ်တွေ ထွက်လာခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျန်းမာရေးအရ အနားယူဖို့ လိုအပ်တာကြောင့် တွေ့ဆုံဖို့ရှိတဲ့ အစီအစဉ်တွေကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဗြိတိန်၊ အမေရိကန် ခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်တွေ၊ ကုလညီလာခံတွေ၊ လူထု တွေ့ဆုံပွဲတွေ ဆက်တိုက် တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး အခြေအနေကြောင့် ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဖက်များ တွေ့ဆုံပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG