သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ် လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိ


ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ( ၂၁ ) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) ညှိနှိုင်းအစည်းအဝေး (U Hla Maung Shwe Facebook)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ( ၂၁ ) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) ညှိနှိုင်းအစည်းအဝေး (U Hla Maung Shwe Facebook)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးမထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဒီလပိုင်းအတွင်းမှာ တွေ့ဆုံဖို့ အစီအစဉ် ရှိနေပါတယ်။မြန်မာနိုင်ငံြငိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တေအားလုံး ပါဝင်နိုင် မယ့်၂၁ ရာစုပင်လုံညီလာခံ ခေါ်ယူဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြင်ဆင်နေချိန်မှာပဲ အပစ်မရပ်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတာပါ။ ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လ မှာ ကျင်းပဖို့ ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။ ညီလာခံဖြစ်မြောက်ရေး မြန်မာ့တပ်မတော်ဘက်ကလည်း ပူးပေါင်းပါဝင်နေပါတယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီတွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကိုပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့နိုင်ခဲ့ပြီး အစည်းအဝေးမှာ အဓိက ဘယ်အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးဖြစ်သလဲလို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ၂၁ရာစုပင်လုံ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေက အခုလိုဖြေပါတယ်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ အဓိကတော့ ကျနော်တို့ Brain storm ပေါ့ ကျနော်တို့ စဉ်းစားချက်တွေ ညီလာခံအတွက်ကို frame work ကိုပြန်လည်သုံးသပ်တာ မူဘောင်ကိုပြန်လည်သုံးသပ်တဲ့အချိန်ကျရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို ဒီ ၄ ရက်တာ ဆွေးနွေးကြတာပါ။ တပြိုင်နက်ထဲမှာလည်း ပြင်ဆင်ရေး ဆပ်ကော်မတီ ၂ အနေနဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေ ကိုဖိတ်ကြားထားတယ်။ ဒါကြောင့်မို့လို့ သူတို့ကိုလည်း စောင့်ဖို့ကလိုတယ်။ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းအနေနဲ့ ဇွန်လ ၂၊၃၊၄ ရက်တွေမှာ ချင်းမိုင်မှာသွားရောက်တွေ့ဆုံခဲ့တဲ့ ခေါင်းဆောင်တွေကို review meeting တွေမှာပါဝင်နိုင်ဖို့နဲ့ ပြည်တွင်းမှာလာရောက်ဆွေးနွေးနိုင်ဖို့ ဒီနေ့ပဲ ဖိတ်ကြားစာ ထပ်ပို့လိုက်ပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဇူလိုင်လဆန်းမှာ နောက်တကြိမ်ပြန်ဆုံမယ့် ညှိနှိုင်းဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးစာချုပ်(NCA) လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ ပါဝင်နိုင်ဖို့ အလားအလာကရော ဘယ်လောက်ရှိပါသလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ကျနော်တို့ ခန့်မှန်းတာတော့ အခုဒီနေ့ ဖိတ်စာပေါ့နော် နောက်တကြိမ်ပို့လိုက်ပြီ။ ပို့လိုက်တဲ့အတွက် တဖက်က ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ဒီလာထဲမှာလာနိုင်မယ်လို့မျှော်လင့်တာပေါ့။ အဲလိုလာပြီး ကျနော်တို့ကော်မတီတွေနဲ့လည်း ဆွေးနွေးနိုင်ဖို့မျှော်လင့်တယ်။ လက်မှတ်မထိုးရသေးတဲ့ခေါင်းဆောင်တွေတက်လာမယ်ဆိုရင်တော့ Frame work review မူဘောင်သုံးသပ်တဲ့ပွဲလိုမျိုးဟာလုပ်ချင်ပါတယ်။ သူတို့လည်း အဲဒီအချိန်မှာတော့ ပါဝင်နိုင်ဖို့မျှော်လင့်ထားတယ်။

မဆုမွန်။ ။ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) ဖြစ်မြောက်ရေး ဦးဆောင် ဖော်ဆောင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါသလားရှင်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဒီနေ့ ဒေါက်တာတင်မျိုးဝင်းရဲ့ဖိတ်ကြားစာထဲမှာလည်း ဒီအချက်လည်း နောက်ထပ် အချက် ၁ ချက် အနေနဲ့ပါပါတယ်။

မဆုမွန်။ ။ အဲ့တော့ အန်ကယ်လ် တွေ့ဖို့ အစီအစဉ်ရှိတယ်ပေါ့နော် အန်ကယ်လ်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဟုတ်ကဲ့ ဒါကတော့ အရင် ကျနော်တို့ ချင်းမိုင်သွားကတည်းကလည်း ဒီအလွတ်သဘောတွေ့ဆိုဆွေးနွေးမှုတွေမှာလည်း ဒါတွေဆွေးနွေးထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ အခု အစိုးရရဲ့ကော်မတီဘက်ကပဲ ထပ်ပြီးတော့ ဖိတ်စာကိုထပ်ပို့တာဖြစ်ပါတယ်။

မဆုမွန်။ ။ ၄ ရက်တာ ညှိနိုင်းပွဲ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တက်တယ်။ NCA ထိုးပြီးသားပေါ့နော်။ တပ်မတော်ဘက်ကလည်း တက်ရောက်ခဲ့တယ်ဆိုတော့ တပ်မတော်ရဲ့ပူးပေါင်းပါဝင်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေမှာ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးတော့ အားရကျေနပ်စရာရှိပါသလားရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။အများကြီး အားရကျေနပ်စရာ ကောင်းပါတယ်။ ၄ ရက်တာလုံးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) တို့ ဒီ ၄ ရက်တာလုံးမှာ တကယ့်ကိုပဲ ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးနိုင်တဲ့အတွက် ကျနော့်အနေနဲ့တော့ တော်တော်လေးအားရတယ်ဗျ။

မဆုမွန်။ ။ ဒီသီးခြားစီ တွေ့မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သီးခြားစီတွေ့မယ့် အစီအစဉ်တွေကရော ဘယ်လိုများ ရှိပါလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဆရာတင်မျိုးဝင်းတို့ ၊ ဆရာကြီးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့လည်း ဒီ UWSP-UWSA တို့ မိုင်းလားအဖွဲ့တွေနဲ့လည်း လာမယ့်အပတ်ထဲမှာ တွေ့နိုင်ဖို့ ပြင်ဆင်နေတယ်ခင်ဗျ။ လာမယ့်အပတ်ထဲမှာ တွေ့ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ နောက်ထပ်ကျန်တာကတော့ AA ၊ TNLA ၊ MNDAA ၃ ဖွဲ့နဲ့ ၊ နောက် နာဂဆိုတဲ့ အဲ၂ ခုပဲ နောက်အပတ်ထဲမှာ ကျန်ပါလိမ့်မယ်။ သူတို့ကိုလည်း ဒီ လမကုန်ခင်မှာ နည်းလမ်းရှာပြီးတော့ တွေ့ဆုံပြီး ဖိတ်ကြားဖို့တော့ရှိပါတယ်။ ဒါဆိုကေ်ာမတီရဲ့ တွေ့ဆုံဖိတ်ကြားတဲ့အဆင့်ကတော့ ဒီလမကုန်ခင်မှာ ပြီးပြတ်သွားပါလိမ့်မယ်။ ဒုတိယအဆင့်ကတော့ ဒီဖိတ်ကြားပြီးသားလူတွေ ပါဝင်နိုင်မယ့်နည်းလမ်းတွေကို ကျနော်တို့ ၂ ဘက် ထက်ပြီးတော့ ရှာကြဖို့ပါပဲ။ ဒါတွေလည်း လာမယ့်လထဲမှာ လုပ်နိုင်မယ်လို့ယူဆပါတယ်။ ဒါဆိုရင် သြဂုတ်လထဲမှာ ညီလာခံကျင်းပနိုင်မယ်လို့ အများကြီးယူဆနိုင်ပါတယ်။

မဆုမွန်။ ။ အဲ့တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အားလုံးပါဝင်နိုင်မယ့် ၂၁ရာစုပင်လုံညီလာခံဖြစ်ဖို့ အလားအလာက ဘယ်လိုများရှိပါသလဲး။ ဘယ်တော့လောက်များ ကျင်းပနိုင်ပါမလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ။ ။ကျနော် နားလည်တာကတော့ အခုထိ ကျနော်တို့ဖိတ်ကြားမှုတွေ ဆွေးနွေးမှုတွေ ကတော့ ကောင်းနေပါတယ်။ ဒီအတိုင်းတာ ဆက်ပြီးသွားနေမယ်ဆိုရင် ဒီညီလာခံမှာ အဖွဲ့တော်တော်များများတိုးပြီးတော့ ပါဝင်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ညီလာခံကိုတော့ သြဂုတ်လထဲမှာ ကျင်းပနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ ညီလာခံ စောပြီးကျင်းပနိုင်လေလေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ယုံကြည်မှုရလေလေ၊ ငြိမ်းချမ်းရေးရရင်တော့ ၁ ရက်ပဲ စောရရင်လည်း တရက်အကျိုးရှိတာမျိုးပြောထားတဲ့အတွက် သြဂုတ်လထဲမှာတော့ လုပ်ကိုလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်ကယ်လ်ဦးလှမောင်ရွှေရှင့်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG