သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဇွန်လအတွင်း ထိုင်းနိုင်ငံသွားမည်


၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို သွားအပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို သွားအပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို လာရောက်မယ့်အကြောင်း ထိုင်းသတင်း မီဒီယာတွေမှာ ရေးသားဖော်ပြကြတာကို မြန်မာနိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ လာရောက်မယ့်အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ထိုင်းအရာရှိတွေကို အတည်ပြု ပြောကြားခဲ့တာကို ထိုင်းနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

အဲဒီလို သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အခါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို သွားရောက်မယ်ဆိုတဲ့ သတင်းကို သူက အတည်ပြု ပြောဆိုပါတယ်။

ဦးဇော်ဌေး။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားမှာ။ ထိုင်းနိုင်ငံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားဖို့အတွက် ကျနော်တို့ ခရီးစဉ်ကို စီစဉ်ထားတယ်ဆိုတာ မှန်တယ်။ ၂၃ ရက်နေ့ပေါ့။ ခရီးစဉ်အတွင်း ဘာဆွေးနွေးမလဲ၊ ဘာတွေ ညာတွေ အဲဒါတွေတော့ Agenda တွေ ကျနော်တို့ ပြောလို့ မရသေးဘူး။”

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက် ထိုင်းနိုင်ငံ ခရီစဉ်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းက World Economic Forum ကမ္ဘာ့စီးပွားရေး ညီလာခံ တက်ဖို့အတွက် သွားခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄ နှစ်နီးပါးအတွင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို ထိုင်းနိုင်ငံ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai အခုလ အစောပိုင်းက မြန်မာနိုင်ငံကို လာရောက်စဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ရဲ့ဖိတ်ကြားချက်နဲ့ မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ကီလိုမီတာ ၂,၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတခုဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အကြားက ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရှိခဲ့တယ်လို့ မြန်မာ့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်း ဇယားတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လအထိ ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံထားတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG